ဥရောပသမဂ္ဂက ဘူလ်ဂေးရီးယားနိုင်ငံအား ယူရိုငွေလက်ခံအသုံးပြုရန် ခွင့်ပြု

 

၂၀၀၇ ခုနှစ်မှစ၍ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သော ဘူလ်ဂေးရီးယားနိုင်ငံသည် ယူရိုငွေကြေးကို ၂၀၂၄ ခုနှစ်တွင် စတင်အသုံးပြုရန် ရည်မှန်းခဲ့သော်လည်း ထိုစဉ်က ငွေကြေးဖောင်းပွမှုနှုန်းမှာ ၉.၅ % ရှိနေသဖြင့် ရွှေ့ဆိုင်းခဲ့ရပါသည်။

ဥရောပကော်မရှင်၏ ခန့်မှန်းချက်အရ ဘူလ်ဂေးရီးယား ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၃.၆ % လျော့ကျခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၁.၈ % အထိ ကျဆင်းနိုင်သောကြောင့် ယူရိုငွေကြေးအသုံးပြုရန် လိုအပ်သော စီးပွားရေးစံနှုန်းများနှင့် ကိုက်ညီသဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ယူရိုငွေကြေးကျင့်သုံးနိုင်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုကြေညာခဲ့ပါသည်။ ဘူလ်ဂေးရီးယားသည် ဥရောပသမဂ္ဂအဖွဲ့ဝင်များအနက် ယူရိုငွေကြေးကို အသုံးပြုမည့် ၂၁ ကြိမ်မြောက် နိုင်ငံဖြစ်ပါသည်။

ယူရိုငွေကြေးအသုံးပြုသဖြင့် ဘူလ်ဂေးရီးယားနိုင်ငံသည် ဥရောပဗဟိုဘဏ်၏ ငွေကြေးဆိုင်ရာ မူဝါဒများ၊ ဘဏ္ဍာရေးအရန်အစီအမံများကို အသုံးပြုခွင့်ရမည်ဖြစ်ပြီး ငွေကြေးအကျပ်အတည်း ဖြစ်ပွားနိုင်ခြေ လျော့ကျသွားနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုမြှင့်တင်ရန်နှင့် ယူရိုဇုန်နိုင်ငံများနှင့် ငွေကြေးလဲလှယ်ရာတွင် စွန့်စားရမှုများကိုဖယ်ရှားနိုင်ရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေအတိုးနှုန်းများကို လျှော့ချခဲ့ကြောင်း၊ ယူရိုငွေအသုံးပြုခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူ ကိစ္စရပ်များကို လွယ်ကူရိုးရှင်းစေပြီး အခြားအီးယူနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများကို ပိုမိုလွယ်ကူစေကြောင်း The Times of India သတင်းဌာနက သုံးသပ်ထားပါသည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလိုင်ယန်က ဘူလ်ဂေးရီးယား၏ စီးပွားရေးသည် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ယူရိုဇုန်နိုင်ငံများနှင့် ကုန်သွယ်မှုတိုးတက်ခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း၊ ငွေကြေးရင်းမြစ်၊ အရည်အသွေးမြင့် အလုပ်အကိုင်များနှင့် ဝင်ငွေတိုးတက်မှုများ ရှိလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ဘူလ်ဂေးရီးယား၌ ယူရိုငွေကျင့်သုံးခြင်းကို ဆန့်ကျင် ဆန္ဒပြမှုများလည်းရှိပါသည်။

ဘူလ်ဂေးရီးယားသည် အမျိုးသားငွေကြေး “Lev” ကို ၁၈၈၁ ခုနှစ်မှစ၍ တရားဝင်အသုံးပြုခဲ့ပြီး ငွေကြေးပြန်လည်တန်ဖိုးသတ်မှတ်မှု (၃) ကြိမ် ပြုလုပ်ခဲ့ရကာ ၁၉၉၉ ခုနှစ်တွင် အသစ်ထုတ်ဝေသော Lev ၁ ခုက အဟောင်း Lev ၁,၀၀၀ နှင့်ညီမျှကြောင်း နောက်ဆုံးအကြိမ် ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက် ငွေကြေးဘုတ်အဖွဲ့စနစ်အရ ဘူလ်ဂေးရီးယားဗဟိုဘဏ်က ၁ ယူရိုလျှင် ၁.၉၅၅၈၃ Lev ငွေကြေးနှုန်းဖြင့် ချိတ်ဆက်ထိန်းချုပ်ထားပါသည်။

ဘူလ်ဂေးရီးယား၏ ယူရိုငွေကြေး ပြောင်းလဲသုံးစွဲရေးခရီးစဉ်သည် နိုင်ငံရေးမတည်ငြိမ်မှုများကြားမှ ခက်ခဲစွာဆောင်ရွက်ခဲ့ရပြီး အကြပ်အတည်းများကြားမှပင်     ဘူလ်ဂေးရီးယားနိုင်ငံသည် ယူရိုဇုန်စံနှုန်းများနှင့် ကိုက်ညီစေရန် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဘူလ်ဂေးရီးယားသည် လူဦးရေ ၆.၄ သန်းသာရှိပြီး ဥရောပသမဂ္ဂ၏ အဆင်းရဲဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါသည်။ အီးယူစာချုပ်များအရ ဒိန်းမတ်နိုင်ငံမှလွဲ၍ အခြားအဖွဲ့ဝင်နိုင်ငံအားလုံးသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ယူရိုငွေကြေးကို ကျင့်သုံးရမည်ဖြစ်ရာ ဘူလ်ဂေးရီးယားနိုင်ငံသည် ပိုလန်၊ ရိုမေးနီးယား၊ ဆွီဒင်၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီနိုင်ငံတို့နှင့်အတူ ယူရိုငွေကြေးကို မကျင့်သုံးရသေးသည့် အီးယူနိုင်ငံ ၆ နိုင်ငံထဲမှ တစ်ခုဖြစ်ကြောင်းသိရပါသည်။

ရင်းမြစ်။        https://timesofindia.indiatimes.com