ဓနုဖြူမြို့နယ်၌ ခရမ်းကြွပ်သီး စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ခရမ်းကြွပ်သီးကို မိသားစု တစ်ပိုင်တစ်နိုင်အနေဖြင့်လည်း ကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ဓနုဖြူမြို့နယ်တွင် နှစ်စဉ် ၆,၅၇၉ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ခရမ်းကြွပ်သီးကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် အသီးများ စတင် ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ပဒေသာခရမ်းကြွပ်(ထိုင်ဝမ်) မျိုးများကို ဘောင်ခတ်၍ အတန်းလိုက် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီးကို ၅ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အသီးကုန်ချိန် အထိ ၅ လခန့်အကြာ ခူးဆွတ်ရကြောင်း၊ တစ်ဧကလျှင် အလုံးရေ ၈၀,၀၀၀ ခန့်ထွက်ရှိပြီး ဓနုဖြူမြို့ နယ်ဒေသတွင်းရှိ ကုန်စိမ်းပွဲစားများသို့ ရောင်းချသည့်အပြင် ပွဲစားများမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ခရမ်းကြွပ်သီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ် ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)