ရေစကြိုမြို့နယ်၌ ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး အကျိုးအမြတ်ရ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ပခန်းကြီး၊ မြေဖြူ၊ စည်သာ၊ ဆင်ချောင်းစသည့် ကျေးရွာများတွင် ဝါသီးနှံကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံကို ဇူလိုင်နှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ တွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ ရှိပြီး ဒေသမျိုးများ ဖြစ်သော ငွေချည်- ၉၊ ရွှေတောင်- ၁၀၊ ချည်မျှင်ရှည်ဝါ မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ ၇ ပိဿာခန့်နှင့် ထွန်ယက်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ခူးဆွတ်ရိတ်သိမ်းခြင်းအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆ သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန် ၃၂၀-၃၅၀ ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ဝါစိုက်ခင်းများအထိ လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ၍ ဝါစိုက်တောင်သူများ အနေဖြင့် အမြတ်ရလျက်ရှိသည့်အပြင် ဝါခူးဆွတ်သူ (ဝါကောက်သူ)များလည်း အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
DOCA (မကွေး)