ပိုးသတ်ဆေးဆိုင်ရာ သတိပေးချက်များကြောင့် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုကို ခြိမ်းခြောက်လျက်ရှိ
ဗီယက်နမ်နိုင်ငံတွင် ဒူးရင်းသီးလုပ်ငန်းအတွက် ပိုးသတ်ဆေးအကြွင်းအကျန်များနှင့် ပို့ကုန်ကုဒ်အတုများအ ကြောင်း သတိပေးချက်များထွက်ပေါ်လာပြီးနောက် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်ရေးဆိုင်ရာ အစီအမံများလိုအပ်ကြောင်း ကုန်တင်သွင်းသူများက မီးမောင်းထိုးပြခဲ့ပါသည်။
စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) လက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီး ဌာနသည် တရုတ်နိုင်ငံ၏ အကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့အပါအဝင် ကုန်တင်သွင်းသည့် နိုင်ငံများမှ သတိပေးချက်များကို မကြာသေးမီက ထုတ်ပြန်ခဲ့ကြောင်း၊ ဗီယက်နမ် နိုင်ငံမှ ဒူးရင်းသီးနှင့်ပိန္နဲသီးများ တင်ပို့မှု၌ ဓာတုဗေဒနှင့် အစားအသောက် ဘေးကင်းရေးစံနှုန်းများကို မလိုက်နာကြောင်းကိုလည်း ဖော်ပြထားပြီး ၎င်းစံနှုန်းများကို မလိုက်နာလျှင် ဗီယက်နမ်နိုင်ငံ လယ်ယာထွက်ကုန်ကဏ္ဍ၏ ဈေးကွက်ကိုပါ များစွာထိခိုက်နိုင်မည်ဖြစ်ကြောင်းကို အပင်ကာကွယ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့ပါသည်။
အဆိုပါစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အပင်ကာကွယ်ရေးဦးစီးဌာနမှ ဒေသဆိုင်ရာစိုက်ပျိုးရေးဌာနများ၊ သီးသန့်စခန်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များအား စိုက်ပျိုးဧရိယာများကို ပုံမှန်စစ်ဆေးခြင်း၊ အစားအသောက် ဘေးကင်းအန္တရာယ်ကင်းရှင်းရေး စောင့်ကြည့်စစ်ဆေးခြင်း၊ ပို့ကုန်အရည်အသွေး စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ခြင်းနှင့် ထုပ်ပိုးရာ၌ ကြီးကြပ်ကွပ်ကဲမှုကို တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားပါသည်။ စည်းမျဥ်းစည်းကမ်းများနှင့် မကိုက်ညီသော ဒေသများနှင့် အဆောက်အဦများသည် ၎င်းတို့၏ ပို့ကုန်ကုဒ်များကို ရုတ်သိမ်းခံရမည့် အလားအလာရှိနိုင်ကြောင်းနှင့် ဦးစီးဌာနသည် ပိုးသတ်ဆေးနှင့် သတ္ထုဓာတ်အကြွင်းအကျန်များကို စစ်ဆေးခြင်း၊ ကြိုတင်လိုအပ်ချက်များကို ခြေရာခံစစ်ဆေးရခြင်း၊ ပို့ကုန်ကုဒ်များကို ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထပ်မံညွှန်ကြားထားပါသည်။
ထို့အပြင် ပို့ကုန်ကုဒ်များ အသုံးပြုရာတွင် လိမ်လည်မှုမှကာကွယ်သည့်အနေဖြင့် စိုက်ပျိုးဧရိယာနှင့်ထုပ်ပိုးမှုဆိုင်ရာ ကုဒ်ပိုင်ရှင်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို တင်ပို့ခွင့်ပြုပါက ပြည်နယ်အာဏာပိုင်များထံ အကြောင်းကြားရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ကုဒ်ပိုင်ရှင်များမှ တိုက်ရိုက်မတင်ပို့သောတင်ပို့မှုများအတွက်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဒေသဆိုင်ရာ သီးခြားခွဲထွက်ရေးရုံးများသည် ပြည်နယ် အစီရင်ခံစာများကိုလည်း ပြုစုရမည်ဖြစ်ပါ သည်။
လိမ်လည်သူများသည် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှုလွယ်ကူစေရန်အတွက် ကုန်အမှတ်တံဆိပ် အတုများနှင့် လက်မှတ်အတုများကို အသုံးပြုခဲ့သည်ဟု ဗီယက်နမ်နိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းမှ လိမ်လည်လှည့်ဖြားသည့် လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြခဲ့ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး Le Minh Hoan က ဗီယက်နမ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစားအစာဘေးကင်းရေးသည် အရေးကြီးကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် လယ်ယာထွက်ကုန်များအပေါ် ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် စားသုံးသူများထံ ရောက်ရှိလာမည့် အစားအစာများသည် ဘေးကင်းမည်ဖြစ်ကြောင်း၊ လတ်ဆတ်သော ထွက်ကုန်များမှ ပြုပြင်ပြီး ကုန်ပစ္စည်းများအထိ ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေးမြှင့်တင်ရန် လိုအပ်ကြောင်း၊ Artificial Intelligence (AI)၊ Internet of Things (IoT) နှင့် Big Data ကဲ့သို့ နည်းပညာတိုးတက်မှုများကြောင့် စိုက်ပျိုးရေးအာဏာပိုင်များသည် အစားအစာဘေးကင်းရေးကို လေ့လာစောင့်ကြည့်ရာ၌ တိုးတက်ကောင်းမွန်လာစေပြီး လုပ်ငန်းစဉ်ကို တိတိကျကျ ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစားအစာဘေးကင်းရေးနှင့် ရေရှည်တည်တံ့ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူများသာမက လယ်သမားများ၊ ကုန်ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များပါ ကမ္ဘာ့စျေးကွက်တွင် ရှင်သန်ရပ်တည်လာနိုင်မည်ဖြစ်ကြောင်းကို သုံးသပ်ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ vietnamnet.vn