စဥ့်ကိုင်မြို့နယ်၌ ဖူးစားပြောင်း(ဆောင်း)သီးနှံများ စတင်ထွက်ပေါ်ပြီး ဈေးကောင်းရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ဖူးစားပြောင်းသီးနှံကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ယခု အချိန်တွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ စဥ့်ကိုင်မြို့နယ်တွင် ဖူးစားပြောင်း(ဆောင်း)ကို ၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရပြီး ယခုချိန် တွင် ဖူးစားပြောင်း(ဆောင်း)သီးနှံများ စတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ဖူးစားပြောင်း(ဆောင်း)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုး၍ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် ထွက်ပေါ်ကြောင်း၊ ဖူးစားပြောင်း(ဆောင်း)ကို ယာမြေနှင့် ဥယျာဉ်ခြံမြေ များတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုင်ဝမ်သကြားပြောင်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျ ကြောင်း၊ လက်ကားဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တိုက်ရိုက်ရောင်းချကြသည့်အပြင် ပွဲစားများ မှလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူ၍ ကျောက်ဆည်နှင့် မန္တလေးမြို့တို့သို့ ရောင်းချကြပြီး တောင်သူများမှ ရန်ကုန် - မန္တလေး လမ်းဘေးတွင်လည်း လက်လီရောင်းချကြကြောင်း၊ ထိုင်ဝမ် သကြားပြောင်းဖူးမှာ လူကြိုက်များသောကြောင့် စျေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိပြီး စျေးကောင်းရလျက်ရှိကြောင်း၊ ဖူးစားပြောင်း စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားအစာများအဖြစ် ပြောင်းရိုးများ ကိုလည်း ပြန်လည်ရောင်းချရသည့်အပြင် ကာလတိုသီးနှံဖြစ်သည့်အတွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း သိရသည်။
DOCA (မန္တလေး)