မအူပင်မြို့နယ်တွင် စံပယ်ဖြူပန်းကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ စလင်းဒေါင့်ကျေးရွာနှင့် အောင်ဟိတ် ကျေးရွာများတွင် ဂန္ဓမာပန်း၊ ကြယ်တာရာပန်း၊ နှင်းဆီပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံစိုက်ပျိုး လျက်ရှိရာ ဂန္ဓမာမျိုးစိတ်တစ်ခုဖြစ်သည့် စံပယ်ဖြူပန်းကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ၁၂၈ ဧကကျော် စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စံပယ်ဖြူပန်းကို အောက်တိုဘာလ၊ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ၊ နောက်ဆုံးပတ်တွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် စံပယ်ဖြူပန်းမျိုးကို အပင်တစ်ပင်လျှင် ငွေကျပ် ၂၀ နှုန်းဖြင့် တောင်ကြီးဘက်မှ ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်တစ်သောင်းခန့် စိုက်ပျိုးရကြောင်း၊ စံပယ်ဖြူပန်းကို တစ်ရက်ခြားတစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ပန်းပင်အရေအတွက် ၆၀၀ ပင်ခန့်ရရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၉ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်လလျှင် ပန်းပင် အရေအတွက် ၉,၀၀၀-၁၀,၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စံပယ်ဖြူပန်း လက်ကားဈေး တစ်ပင်လျှင် ငွေကျပ် ၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၉ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မြို့၊ ကျိုက်လတ်နှင့် မော်ကျွန်းမြို့တို့သို့ တင်ပို့ရောင်း ချပြီး ဒေသခံတောင်သူများအနေဖြင့် ပန်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားလျက်ရှိသောကြောင့် ပန်းမျိုး စုံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ပန်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(ဧရာဝတီ)