ကျိုင်းတုံမြို့နယ်တွင် မိုးကန်စွန်းဥ စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်အုပ်စု၊ မိုင်းဇင်းအုပ်စုများတွင် ရာသီ အလိုက် သီးနှံများကို စိုက်ပျိုးလျက်ရှိရာ မိုးကန်စွန်းဥကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ကြောင်း သိရသည်။ 

မိုးကန်စွန်းဥကို မေလ-ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ထွက်ရှိကြောင်း၊ မျိုးအနေဖြင့် ဒေသမျိုးများဖြစ်သော ရွှေဝါမျိုးနှင့်ငချိပ်မျိုးဟူ၍ နှစ်မျိုးရှိပြီး ငချိပ်မျိုးကိုသာ အများဆုံး စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကန်စွန်းဥပျိုးပင်များကို မိမိခြံ၌ထွက်ရှိသော ကန်စွန်းပင်၏ အညွန့်များကို ၂ ပေ - ၃ ပေခန့်ဖြတ်တောက်၍ ပျိုးထောင်ကာစိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းဥပျိုးပင်ပေါင်း ၈ သောင်း - ၉ သောင်းခန့် စိုက်ပျိုးရပြီး မြေကိုထွန်ယက်၍ ဘောင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းဥပိဿာချိန် ၈၀၀ ခန့်ထွက်ရှိကြောင်း၊ စိုက်ပျိုးမှုအတွက် မြေထွန်ယက်ခ၊ မြေဆွေး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ ပထမပတ်တွင် လက်ကားဈေးနှုန်း ကန်စွန်းဥ အလုံးအသေး/အကြီးအပေါ်မူတည်၍ ၁၀ လုံး- ၁၂ လုံးပါ တစ်ပိဿာလျှင် ၂,၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ရာ တစ်ဧကလျှင် ငွေကျပ် ၉ သိန်းခန့် အမြတ်ရရှိပြီး တောင်သူများအနေဖြင့် ထိုက်သင့် သည့် အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

DOCA(ရှမ်း)