ကန့်ဘလူခရိုင်၌ မိုးနေကြာစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကန့်ဘလူမြို့နယ်တွင် ၂၆၀ ဧက၊ ကျွန်းလှမြို့နယ်တွင် ၆၅ ဧက၊ စုစုပေါင်း ၃၂၅ ဧက စိုက်ပျိုးထားပါသည်။

   မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး သီးသန့် စိုက်ပျိုးခြင်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧက လျှင် ၁၄-၁၆ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ၊ ပထမပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၅၀,၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

   ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့် ဇီးကုန်းမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ နေကြာသီးနှံ တစ်ဧကလျှင် ငွေကျပ် ၄၅၀,၀၀၀ ခန့် အမြတ်ရရှိပြီး ယခုနှစ်တွင် နေကြာသီးနှံ ဈေးနှုန်းများ ကောင်းမွန်ည့်အတွက် စိုက်ပျိုးတောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)