မကွေးမြို့နယ်၊ ကရင်ကျေးရွာ၌ ထောပတ်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိပြီး ပဲမျိုးစုံသီးနှံနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက်ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ထောပတ်ပဲ (ဆောင်း) သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ထောပတ်ပဲ (ဖြူ) မျိုး၊ ထောပတ်ပဲ (ညို) မျိုးနှင့် ထောပတ်ပဲ (ဖြူကြား) မျိုးများဖြစ်ပြီး ထောပတ်ပဲ (အဖြူ) မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၅-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ထောပတ်ပဲ (ဆောင်း) သီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၉၈,၀၀၀-၁၀၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိကြောင်း သိရသည်။

   အောက်တိုဘာလ၊ ပထမပတ်တွင် ထောပတ်ပဲ(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၁၀,၀၀၀-၁၃၀,၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူကြသည့်အပြင် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ၍ ပွဲရုံများ မှတစ်ဆင့်  ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ကြောင်း၊ ယခုအချိန်တွင် ထောပတ်ပဲသီးနှံ စိုက်ခင်းများ မှာ အဖူးပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် ထောပတ်ပဲများ ထွက်ပေါ်ချိန် တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)