အတက်/အကျ ကြမ်းနေသည့် ငွေလဲလှယ်နှုန်းအပေါ် အာဆီယံ+(၃) နိုင်ငံများက စိုးရိမ်
ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့်အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့သည် ၎င်းတို့၏ ငွေကြေးများ အမေရိကန် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက တန်ဖိုးဆက်လက်ကျဆင်းနေသည့်ကြားက နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်တွင် ဈေးကစားမှုကြောင့် ငွေလဲနှုန်း အတက်/ အကျကြမ်းနေမှုအပေါ် စိုးရိမ်မိကြောင်း သောကြာနေ့က အသိပေးထုတ်ပြန်ထားပါသည်။
ဂျော်ဂျီယာနိုင်ငံ၊ Tbilisi မြို့၌ အစည်းအဝေးပြုလုပ်ခဲ့သည့် အာဆီယံ+ (၃) နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့်ဗဟိုဘဏ် ဥက္ကဋ္ဌများသည် ဒေသတွင်းစီးပွားရေးကို အနှောင့်အယှက်ဖြစ်စေသည့် မတည်ငြိမ်မှု ပိုမိုမြင့်မားလာသော နိုင်ငံခြားငွေ လဲလှယ် မှုဈေးကွက်နှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာ ချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ကြပါသည်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က “ ငွေလဲ နှုန်းတည်ငြိမ်ရန် လိုလားပြီး အတက်/အကျ ကြမ်းစေမည့် ဆောင်ရွက်ချက်များကိုမလိုလားကြောင်း ” သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။
အာရှနိုင်ငံများ၌ ငွေကြေးဖောင်းပွမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ တိုးလာကြောင်း၊ ယခုနှစ်စမှစ၍ ထိုင်းဘတ်ငွေသည် ဒေါ်လာ နှင့်ယှဉ်လျှင် ၇ % ကျော် ကျဆင်းခဲ့ကြောင်းနှင့် အင်ဒိုနီးရှား ရူပီးသည်လည်း ၅ % ကျဆင်းခဲ့ကြောင်း၊ ဧပြီလက အင်ဒိုနီးရှား ဗဟိုဘဏ်သည် (၆) လအတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြှင့်လိုက်ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့က အမေရိကန် ၁ ဒေါ်လာ လျှင် ဂျပန်ယန်း ၁၆၀ အောက်သို့ ယာယီကျဆင်းခဲ့ပြီး (၃၄) နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ဂျပန်ယန်းသည် ၁၅၄ သို့ ပြန်လည်ခုန်တက်ခဲ့ကြောင်း၊ သောကြာနေ့ နယူးယောက် ဈေးကွက်ပိတ်ဈေးအရ ယန်း ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၁၅၂ အထက်တွင်ရှိခဲ့ပြီး ငွေဈေးနှုန်းအတက်အကျ ဆက်လက်ဖြစ်ပေါ်မှုကြောင့် ၁၅၁ အထက်ထိ ရောက်ရှိခဲ့ကြောင်း ဂျပန်သတင်းဌာန Takashi Itoda က ရေးသားဖော်ပြထားပါသည်။
ဂျပန်အစိုးရနှင့် ဗဟိုဘဏ်တို့မှယန်းငွေကို ပြန်လည်ဝယ်ယူပြီး ဒေါ်လာထုတ်ရောင်းခြင်းစသည့် နိုင်ငံခြားငွေလဲနှုန်းအပေါ် ဝင်ရောက်စွက်ဖက်နိုင်ခြေနှင့်ပတ်သက်၍ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က သီးခြားမှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိသော်လည်း “ ငွေလဲနှုန်း အတက်/ အကျ ကြမ်းလာလျှင် တည်ငြိမ်အောင် ထိန်းချုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ” ပြောကြားခဲ့ပါသည်။
အာဆီယံ+(၃)နိုင်ငံများသည် ငွေကြေးဂယက်များအတွက် ကြိုတင်ပြင်ဆင်ခဲ့သည့် ဒေသတွင်းငွေကြေးလဲလှယ်မှု အစီအစဉ် ဖြစ်သော ချင်းမိုင်ကနဦးအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် ကူးစက်ရောဂါများ ပျံ့နှံ့မှုကဲ့သို့သော အရေးပေါ်အခြေ အနေများကို တုံ့ပြန်နိုင်ရေးဆိုင်ရာ မူဘောင်တစ်ခုဖြစ်ပေါ်လာစေရေးတို့ကို သဘောတူညီခဲ့ကြပါသည်။
ဂျပန်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများကလည်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ကိစ္စရပ်များစွာအနက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်ကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။
Source: https://asianews.network
WTO ဌာနခွဲ
ကုန်သွယ်ရေးဦးစီးဌာန