မြန်မာ့စိန်တလုံး
ကျွန်တော်က မြန်မာပြည်ဖွား သရက်သီးလေးပါ။ ဇာတိက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဟံမြင့်မိုရ် ရွာပါ။ ဒီရွာမှာ ဟိုးရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာ့ မျိုးရင်း သရက်တစ်မျိုးပါ။ ဒီနေ့အထိ ဟံမြင့်မိုရ် ရွာမှာ ကျွန်တော့် မျိုးရင်းအပင်ကြီးတွေ ရှိနေပါတယ်။ ပင်စည်ကြီးတွေက လူနှစ်ဖက်စာ လောက်ရှိနေပါပြီ။ ကျွန်တော့်ရဲ့ ထူးခြားတဲ့အနံ့အရသာကြောင့် လူသိများလာပြီး ၁၉၈၃-၈၄ ခုနှစ်မှာ စပြီးနာမည်ကျော်ကြားလာခဲ့ပါတယ်။ စိန်တ လုံးဆိုတဲ့နာမည်လား။ စပြီးလူသိများလာတာက ဟံမြင့်မိုရ်ရွာ ဦးစိန်ရဲ့ ခြံကသရက်သီးဖြစ်ပြီး တစ်လုံးဆို ဆိုသလောက် အနံ့အရသာကောင်းတာကြောင့် စိန်တလုံးဆိုပြီး နာမည်ကြီးခဲ့တာလို့ ရွာသားတွေက ပြောစမှတ်ပြုကြပါ တယ်။ ကျွန်တော့်ကိုနာမည်ကျော်ကြားစေတဲ့ အရည်အသွေးတွေကရင့်မှည့်လာရင် တောက်ပြောင်ပြီး လှပတဲ့လိမ္မော်ဝါရောင်ကို ပြောင်းသွားတာရယ်။ အရောင်ပြောင်းတာနဲ့အတူ မွှေးပျံံ့တဲ့အနံ့လည်းထွက်လာတာရယ်၊အရောင် နဲ့ အနံ့ရဲ့ ဆွဲဆောင်မှုကြောင့် စားချင်စိတ်ကို မျိုသိပ်မရဘဲ အပြင်ခွံကို ခွာလိုက်မယ်ဆိုရင် အမျှင်နည်းပြီး ဝါဝင်းတဲ့ ကျွန်တော့်ရဲ့အတွင်းသားကို တွေ့ရပြီး လှပသလောက် နူးညံ့မှုရှိတာရယ်၊ စားကြည့်လိုက်ရင် အရသာက လျှာထဲ အထိ စိမ့်ဝင်သွားတာမို့ စွဲမက်သွားစေတာတွေ ကြောင့်ပါ။နောက်ထူးခြားချက်တစ်ခုက အသီးမှည့်လာရင် အသီးသား ပျော့မသွားဘဲ အထားအသိုခံတာကြောင့် ထုပ်ပိုးမှု၊ သယ်ယူမှုပြု ရာမှာ အပျက်အစီးနည်းပါးပါတယ်။ Export အတွက် အထူးသင့်တော်ပါတယ်။ Export လုပ်ရာမှာလည်း ကျွန်တော့်ရဲ့ အရောင်အဆင်း၊ အနံ့၊အရသာကြောင့် အောင်မြင်မှုရပြီး တရုတ်၊ထိုင်း၊မလေးရှား၊ ဟောင်ကောင်၊စင်္ကာပူစတဲ့နိုင်ငံတွေကို တင်ပို့နေပါတယ်။ မြန်မာနိုင်ငံ ရဲ့ ထွက်ကုန် (Country of Origin-CO) ဖြစ်ကြောင်း မှတ်ပုံတင်ပြီးတဲ့ အပြင် Myanmar Trade Mark လည်း ရပြီးပါပြီ။
ခုဆိုရင် ကျွန်တော့်မျိုးနွယ်တွေဟာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့အထိ ပျံ့နှံ့စိုက်ပျိုးဖြစ်ထွန်းနေကြပါပြီ။ စိန်တလုံး သရက်ကို နေ ရာတိုင်းမှာတော့ စိုက်မရပါဘူး။ စိန်တလုံး နှစ်သက်တဲ့ ရေမြေရာသီဥတုရှိမှ စိုက်လို့ရပါတယ်။ စိန်တလုံး သဘာဝက အပူပိုင်းဒေသကို နှစ်သက်ပေမယ့် သရက်ပွင့်ချိန်မှာ အေးမြမှ အသီးတင်ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည် နယ် တောင်ပိုင်းမှာ စိုက်ပျိုးနိုင်တာပါ။ အခုဆိုရင် မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိမှုက အများဆုံးဖြစ်ပါတယ်။ စိန်တလုံးသရက်နာမည်ကြီးလာတာနဲ့အမျှ ဈေးကွက်ကျယ်ပြန့်လာပြီး ဈေးလည်းမြင့် လာပါတယ်။ ဈေးကကြီးပြီး စားကလည်း စားချင်၊ ဝယ်စားကာမှ အတုနဲ့မိရင်သွားပါလေရော။ ဒါကြောင့် ကျွန်တော့်အကြောင်းကို သေချာပြောပြပေးပါမယ်။ အများစုကတော့ ပျမ်းမျှအရှည် ၁၁ စင်တီမီတာ၊ လုံးပတ် ၇.၇ စင်တီ မီတာရှိပြီး ပျမ်းမျှအလေးချိန်က ၃၅၁ ဒသမ ၆ ဂရမ်ရှိပြီး နိုင်ငံခြား တင်ပို့တဲ့ စံအနေအထားပေါ့။ ဒါပေမယ့် ကျွန်တော်တို့ စိန်တလုံးမျိုး မှာက မျိုးကွဲ ၆ မျိုးလောက်ရှိပါတယ်။ ပုံသဏ္ဍာန်အနေနဲ့ ၄ မျိုး ရှိပါတယ်။ ဒီပုံသဏ္ဍာန်တွေက အလုံးကြီး၊ အလုံးသေး၊ ဗိုက်ပူ၊ အရှည် ဆိုပြီး ၄ မျိုးပါ။ စိန်တလုံးသရက်သီးရဲ့ ထူးခြားချက်က အသီးထိပ်ဖျား ကျယ်တဲ့ ပုံသဏ္ဍာန်ရှိပြီး အသီးဖျားမှာ နှုတ်သီးချွန် နှစ်ခုပါပါတယ်။ တစ်ခုက ရှေ့တည့်တည့်ကို ချွန်နေပြီး ချွန်တဲ့တစ် ခုရဲ့ အောက်ဖက်မှာ ရှိတဲ့ တစ်ခုက သိပ်မချွန်ပေမယ့် အာရုံတွေကို ခံစားနိုင်ပါတယ်။ အသီးရဲ့ ကျောဖက်ပိုင်းက ခုံးနေတာမို့ လုံးတဲ့သဏ္ဍာန် လို့ထင်ရတာပါ။ အသီးညှာကလည်း အသီးအရင်းရဲ့ အလယ်တည့်တည့်မှာ မရှိပေ မယ့် ခိုင်မြဲပါတယ်။ အတွင်းကိုလည်း နည်းနည်းပဲ ချိုင့်ဝင်တာကြောင့် လည်တိုင်လို့ ခေါ်နိုင်လောက်တဲ့ အပိုင်းက မထင်ရှားပါ ဘူး။ ဒါတွေက အသီးရဲ့ ထူးခြားချက်တွေပါ။ အပင်အနေနဲ့ဆိုရင် ပုံသဏ္ဍာန်က လုံးဝိုင်းပုံလို့ခေါ်နိုင် ပါတယ်။ အကိုင်းတွေ တွဲကျနေတတ်ပြီး အရွက်သိပ်သည်းမှု အသင့်အတင့်ရှိပါတယ်။ ပင်စည်ရဲ့အခေါက်ကထူပြီး အညိုဖျော့ရောင်ရှိပါတယ်။ အခေါက်မျက်နှာပြင် ကြမ်းပါတယ်။ စိန်တလုံးအရွက်ရဲ့ ထူးခြားမှုကတော့ ရွက်ပြားပုံ သဏ္ဍာန်က လှံသွားပုံရှိပြီး ရွက်နားချောပါတယ်။ ရွက်ထိပ်ဖျားက ကျဉ်းပြီးချွန်ပါတယ်။ ရွက်အောက်ခြေက ကျဉ်းပြီး သွယ်ပါတယ်။ အရွက်နုချိန်ဆိုရင် အစိမ်းဖျော့မှာ အညိုရောင်သမ်းပြီး အန်သို ဆိုင်ယာနင် ပါဝင်မှု နည်းပါတယ်။ အရွက်ရင့်လာရင်တော့ အစိမ်း ရောင်ရှိပြီး ရနံ့အနည်းငယ်ရှိပါတယ်။
ကျွန်တော်တို့ စိန်တလုံးရဲ့ သဘာဝက အသီးမှည့်တာစောပါ တယ်။ မန္တလေးတိုင်းဒေသကြီးမှာဆိုရင် ဧပြီလကုန်ကနေ ဇွန်လအထိ အသီးမှည့်တဲ့ကာလဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ဇွန်လကနေ စက်တင်ဘာ လအထိဖြစ်ပါတယ်။ အထွက်အများဆုံး ဒေသနှစ်ခုရဲ့ ရင့်မှည့်ချိန်ကွာခြားတဲ့အတွက် စိန်တလုံးကို ဧပြီလကုန်ကနေ စက်တင်ဘာလအထိ တွေ့နိုင်ပါတယ်။ ပညာရှင်တွေကလည်း နာမည်ကြီးလာပြီဆိုတော့ကျွန်တော့်သက်တမ်း ကို ဆွဲဆန့်ဖို့ ကြိုးစားနေကြပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်အထိ သီး အောင် နည်းပညာတွေ ရှာဖွေစမ်းသပ်နေကြပါတယ်။ ရာသီသီးနှံက နေ တစ်နှစ်လုံးထွက်ရှိတဲ့ သီးနှံဖြစ်အောင် ပြောင်းလဲနိုင်ရင် ပြည်တွင်းစားသုံး မှုရော၊ နိုင်ငံခြားတင်ပို့မှုကပါ ဝင်ငွေများလာ နိုင်တယ်လေ။ လက်ရှိအခြေအနေမှာတော့ စိန်တလုံးက မြန်မာနိုင်ငံ၏ နေရာတိုင်းမှာ စိုက်မရတဲ့မျိုးဖြစ်ပြီး တခြားသရက်မျိုးတွေထက် စောစောရင့်မှည့်တယ်။အထွက်နှုန်းကလည်း နည်းပါတယ်။ နောက်ပြီး ပညာရှင်တွေရဲ့လေ့လာချက် အရဆိုရင် နှစ်စဉ်ပုံမှန်သီးထွက် နှုန်းမကောင်းဘဲ တစ်နှစ်ခြားတစ်ခါပဲ သီးထွက်နှုန်း ကောင်းတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို နှစ်စဉ်ပုံမှန် သီးထွက်နှု န်း ကောင်းအောင် အရည်အသွေးရော အရေအတွက်ပါကောင်းအောင် တစ်ဆင့်တက်ပြီး တစ်နှစ်ပတ်လုံးထွက်ရှိအောင် ပညာရှင်တွေ ကြိုးပမ်းနေကြတာပါ။ အခုအချိန်မှာ နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံမှာသာမက မြန် မာနိုင်ငံ ကိုရောက်ဖူးပြီး ကျွန်တော့် အရသာကို မြည်းစမ်းဖူးတဲ့ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားလူမျိုးတွေပါ နှစ်သက်နေကြတာမို့ ဈေးကွက်ချဲ့ထွင်ဖို့လိုလာပါပြီ။ ဈေးကွက်တိုးချဲ့ဖို့ဆိုရင် သရက်အထွက်တန်ချိန်များဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာပညာရှင်တွေနဲ့ ဂျာမန်အစိုးရ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (BMZ) ကိုယ်စား GIZ (The Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) GmbH) တို့ ပူးပေါင်းပြီး၂၀၁၂-၁၃ ခုနှစ်မှာ မြန်မာ့သရက် စိုက်ပျိုးထုတ်လုပ်မှုတွေကို ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာချက်တွေအရ စိန်တလုံး ရဲ့ အရည်အသွေးဟာ အရေးပါတဲ့ အနံ့အရသာကောင်းမွန်မှု၊ အမျှင်ပါဝင်မှုနည်းပြီး အသားပိုင်းနူးညံ့မှုတွေက ကျွန်တော့်မွေးရာဇာတိဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ထွက်ကုန်က အကောင်းဆုံးဖြစ်ပြီး ထွက်ရှိမှုကလည်း အများဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အပင်တွေက သက်ရင့်ပိုင်းကို ရောက်နေပြီး စိုက်ပျိုးမှုကလည်း နေရာအနှံ့မှာ ပိုင်ဆိုင်သူတွေက ကိုယ့်စိတ်ကြိုက်ပုံစံတွေနဲ့ စိုက်ပျိုးထားတာမို့ အရည်အသွေးနဲ့ အရေအတွက် ကို နည်းပညာအသစ်တွေနဲ့ ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေ တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ စိန်တလုံးစိုက်ပျိုးမှုက အချိန်မကြာသေးပေမယ့် စစိုက်ကတည်းက နည်းစနစ်တကျ စိုက်ပျိုး ထားတယ်။ သရက်ဇုန်အနေနဲ့လည်း ဖွဲ့စည်းပြီးဖြစ်တာမို့ စာရ င်း ကောက်ယူမယ်ဆိုရင်လည်း လွယ်ကူတယ်။ ပြုပြင်ထိန်းသိမ်းရေးလုပ်မယ်၊ ခေတ်မီနည်းပညာအရ ပြုပြင် ပြောင်းလဲမှုတွေလုပ်မယ် ဆိုရင်လည်း လွယ်ကူနိုင်တယ်။ ဒီလိုတွေ့ရှိချက်တွေအရ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရပ်ေ စာက်မြို့နယ်၊ Mango Group ကို Production & Trade လုပ်ဖို့ ရည်ရွယ်ရွေးချယ်ခဲ့ပါတယ်။ ဒီစီမံကိန်း ကို ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၄-၁၅ ခုနှစ် မှာ စိန်တလုံးသရက်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ တစ်ဧက တစ်တန်နှုန်းပဲထွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ တစ်ဧက ၁၀ တန်နှုန်း ထွက်ရှိအောင် ဆောင်ရွက်မယ်လို့ ငါးနှစ်စီမံကိန်းချမှတ်ပြီး ရည်ရွယ် ထားပါတယ်။ ဒီလို အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ဖို့နဲ့ တင်ပို့တဲ့နိုင်ငံ မှ တောင်းဆိုတဲ့ အရည်အသွေးရရှိအောင် ဆောင်ရွက်နိုင်ဖို့ အတွက် GIZ နဲ့ MFVP တို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် မေလ ကနေ ၂၀၁၅ ဇွန်လအထိ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း တွေ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုသင်တန်းတွေပို့ချပေးရာမှာ အပင်သစ်၊ ခြံသစ်တွေ ထူထောင်ပါက စနစ်တကျစိုက်ပျိုးနိုင်ရန် Good Agricultural Practices - GAP နည်းစနစ်များ၊ စိုက်ပျိုးပြီး အပင်ကြီးတွေကို အပင် သစ်ဖြစ်အောင် ပြုပြင်နည်းများ၊ ကိုင်းခု တ်ခြင်း၊ ကိုင်းချိုင်ခြင်း (Pruning) နည်းပညာများ၊ မျိုးပြောင်းလိုပါက လက်ရှိအပင်ကြီးတွေ ပေါ်မှာ မိမိပြောင်းလိုတဲ့မျိုးကို ခေတ်မီကိုင်းဆက်နည်းတွေသုံးပြီး မျိုးပြောင်းနည်း၊ အသီးတင်အောင် အပင်များကို ပြုပြင်နည်း၊ စိန်တလုံး သရက်နဲ့ တွဲစိုက်သင့်တဲ့ သရက်မျိုးများအကြောင်း၊ အသီး တင်ရန်အတွက် ပန်းပွင့်ချိန်မှ စပြီး လိုအပ်တဲ့ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲနည်း၊ သရက်ရောဂါများနဲ့ နှိမ်နင်းနည်းများ၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများ၊ သရက်သီးအိတ်စွပ် နည်းပညာများ၊ သီးထိုးယင် မကျရောက် အောင် ကာကွယ်နည်းများ၊ သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နည်းများ၊ ပြည်တွင်း/ပြည်ပ သရက်သီးဈေးကွက် အခြေအနေများ၊ Organic Mango ထုတ်လုပ် ရန် ပြုပြင်ပြောင်းလဲရမယ့်အချက်များ၊ သရက်စိုက်ပျိုး ထုတ်လုပ်ရာမှာ စံနှုန်းထားရှိမှုနှင့် လိုက်နာရမယ့် အချက်များ၊ Export လုပ်ရာမှာ အရေးပါတဲ့ ှုIntegrated Crop Management - ICM & Integrated Pest Management - IPM Certificate များရရှိရန် ဆောင်ရွက်ရမယ့်အချက်များ၊ လျှောက်ထားရမယ့် နည်းစဉ်များ၊ ပိုးမွှားကင်းစင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီးထုတ်လုပ် နည်းများ၊ ပြည်ပဈေးကွက်တင်ပို့ရာမှာ လိုအပ်တဲ့ ခေတ်မီထုပ်ပိုးမှု ပုံစံများ စသည်တို့ကို ဆွေးနွေးပညာပေးခဲ့တယ်လို့ သိရပါတယ်။
MFVP ဦးဆောင်မှု၊ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ကူညီပံ့ပိုးမှုများ၊ နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သည့် INGO တို့၏ ထောက်ပံ့ပေးမှုများ၊ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ သရက်အစုအဖွဲ့ဝင်များ၊ သရက်တောင်သူများရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် မြန်မာ့စိန်တလုံးဟာ အာရှဈေးကွက်ကနေ ဥရော ပ ဈေးကွက်အထိ ခြေဆန့်နိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် အောင်မြင်မှုနဲ့အတူ ကျွန်တော့်ရဲ့ ညီနောင်များဖြစ်ကြတဲ့ ရွှေဟင်္သာ၊ မြကျောက်နဲ့ ပတ္တမြားငမောက် သရက်များပါ တင်ပို့နိုင်ရေးနဲ့ အကြမ်းသီးဖြစ်တဲ့ ရင်ကွဲသ ရက်ကိုလည်း တိုးချဲ့တင်ပို့နိုင်တော့မှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Source: ၂၀၁၅ ခုနှစ်၊ မေလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် မြန်မာ့သရက်ပွဲတော်မှ စာတမ်းဖတ်ပွဲ အတွေ့အကြုံများ
တင်မာကြည်