မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်ပတ် ပဲဈေးကွက် လက်ကျန်နည်းလို့ ကုလားပဲဈေးမြင့်တက်

     မုံရွာကုန်စည်ဒိုင်၊ ဇူလိုင်လကုန်ပတ် ပဲဈေးကွက်မှာ မုံရွာမြို့နယ်နဲ့ အနီးတစ်ဝိုက် နေ့စဉ်နီးပါး မိုးအဆက်မပြတ်ရွာခဲ့လို့ ဒိုင်မှာပဲမျိုးစုံ သိသိသာသာအဝင်လျော့ခဲ့ပြီး အရောင်းအဝယ် လည်း ပါးတယ်လို့ဆိုပါတယ်။ ပြည်တွင်းပြည်ပ ဝယ်လိုအားကောင်းမွန်နေတာကြောင့်  ယခုတစ်ပတ်မှာလည်း ကုလားပဲဈေးမြင့်တက်ခဲ့တာ တွေ့ရပါတယ်။ ထိုင်ဝမ်ကုလားပဲက  ဒိုင်မှာ ပဲလက်ကျန်ပါးသွားလို့ နေ့စဉ်ပေါက်ဈေးမဖွင့်နိုင်ဘဲ ယခင်တစ်ပတ်က တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ အနည်းငယ်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပြည်ပ ဈေးကွက်အပြင် လုပ်ငန်းသုံးအတွက် ပြည် တွင်းဝယ်လိုအား ပါကောင်းနေတဲ့ V2 ဟာ တစ်တင်း ၂၅၅၀၀ ကျပ်နဲ့ ၉၂၉ က တစ်တင်း ၂၆၅၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ရက် အိတ် ၁၀၀၀ မှ ၁၂၀၀ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
     ယခုတစ်ပတ် စိမ်းကြီးဈေးကွက်မှာတော့ ရာသီဥတု ကြောင့် နယ်ကပဲအဝင်မရှိဘဲ အဝယ်လည်း ပုံမှန်သာရှိခဲ့လို့ တစ်တင်း ၃၈၀၀၀ ကျပ်နဲ့ ဈေးငြိမ်ခဲ့ကာ ဒိုင်ကုန်သည်လက်ဝယ်ရှိတဲ့ ပဲအရောင်းသာဖြစ်ခဲ့လို့ တစ်ရက် တင်း ၅၀၀ ဝန်း ကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်း ငုံနီလည်း ယခုတစ်ပတ်မှာ မုံရွာမိုးနဲ့အတူ တစ်တင်း ၄၃၀၀၀ ကျပ်ဝန်းကျင် မှာ  တန့်နေပြီး အရောင်းအဝယ်နေ့စဉ်မဖြစ်ဘဲ အေးနေခဲ့တယ်လို့ဆိုပါတယ်။ ပြည်တွင်းသုံး   ပဲဈေးကွက်မှာတော့ ထောပတ်ပဲဟာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ ဈေးတန့်နေခဲ့ပြီး၊ ပဲကြီး ဈေး ကွက်က တော့ ဝါမဝင်ခင်၊  ပဲကြော်လုပ်ငန်းသမားတွေ ဝယ်လိုအားလိုက်နေလို့ ယခုတစ်ပတ်မှာ တစ်တင်း ၃၀၀၀၀ ကျပ်အထိ ဈေးမြင့်လာခဲ့ကာ တစ်ရက်အိတ် ၅၀၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မတ်ပဲဈေးအနေနဲ့ ပဲလက်ကျန်ရှိတဲ့ ကုန်သည်အချို့သာ ထုတ်ရောင်းချမှုအနည်းငယ်ရှိခဲ့ပြီး၊ တစ်တင်း ၄၃၀၀၀ကျပ်ဈေးမှာ ဆက်လက်တန့်နေတာ တွေ့ရ ပါတယ်။
     ဒေသတွင်း ဝယ်လိုမှုမြင့်မားလာတာကြောင့် ပြည်တွင်းသုံးပဲတွေဖြစ်ကြတဲ့ စွန်တာနီ၊ ပဲနီလုံးကြားနဲ့ ပဲပုပ်စေ့တို့ ယခု တစ်ပတ်မှာ ဈေးအသီးသီးအနည်းငယ်မြင့်လာခဲ့ရာ စွန်တာနီ တစ်တင်း ၁၆၅၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်း ၁၆၈၀၀ ကျပ် နဲ့ ပဲပုပ်စေ့တစ်တင်း ၁၈၅၀၀ ကျပ်  အသီးသီးပေါက်ဈေးဖြစ် ပေါ်ခဲ့ပါတယ်။ ဒေသခံကုန်သည်တွေထံ လက်ကျန်လျော့နေ ပြီး၊ ဝယ်လိုအား  ကောင်းမွန်ဆဲဖြစ်လို့ ယခုတစ်ပတ် CP ပြောင်းဈေးဟာ တစ်တင်း ၉၈၀၀ ကျပ်အထိ တက်လာခဲ့ပြီး၊ အရောင်းအဝယ်အနေနဲ့ တစ်ရက်တင်း ရာဂဏန်းမျှသာဖြစ် နိုင် တယ်လို့   မုံရွာကုန်စည်ဒိုင်ဈေးကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ