တောင်သူတွက်ချေကိုက်လို့ တိုးချဲ့စိုက်လာတော့မယ့် မုံရွာပုလဲသွယ်စပါး

   မုံရွာမြို့နယ်က ရေမြေသဘာဝအရ လယ်စိုက်ခြင်းထက် ယာသီးနှံကို အများဆုံးစိုက်ပျိုးဖြစ်ထွန်းရာဒေသဖြစ်ပေမယ့်  ချင်းတွင်းမြစ်ဝှမ်း၊ အင်းရေနဲ့ မြေအောက်ရေရရှိတဲ့ နယ် အချို့မှာတော့ စပါးအနည်းငယ်စိုက်ပျိုးလာကြတာတွေ့ရပါတယ်။

   မြစ်ရေဝင်ဒေသတစ်ခုဖြစ်တဲ့  ကျွဲရဲ (တောင်) ရွာမှာ တော့ ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို တောင်သူလေးဦးက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရဲ့  ကူညီပံ့ပိုးမှုနဲ့ ပုလဲသွယ် GW-1 မျိုး ၁၀ ဧက စိုက်ပျိုးခဲ့ကြရာ တစ်ဧက ၁၆၄ တင်းခန့်ထွက်ရှိတယ်လို့သိရပါတယ်။

   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပုလဲသွယ် GW-1 မျိုးစေ့ တစ်ကီလိုဂရမ်ကို ၃၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ပြီး တစ်ဧကမျိုးစေ့ ၇ ကီလိုဂရမ်စိုက်ပျိုးရတယ်လို့ဆိုပါတယ်။ မျိုးစေ့ဖြန့်ဖြူးပေးတဲ့အပြင် စိုက်ပျိုးနည်းစနစ်၊ ရောဂါကာကွယ်နည်း၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတို့ကိုလည်း ရွေးချယ်သုံးစွဲစေခဲ့တယ်လို့သိရပါတယ်။

   တစ်ဧက ပုလဲသွယ်စိုက်ပျိုးကုန်ကျစရိတ်အနေနဲ့ ကျပ် ၃ ဒသမ ၅ သိန်းခန့်ရှိပေမဲ့ တစ်ဧကတင်း ၁၆၄ တင်းထွက်ရှိကာ လက်ရှိပေါက်ဈေး စပါးတင်း ၁၀၀ ကိုကျပ် ငါးသိန်း ခန့်ရရှိလို့ တစ်ဧက ကျပ်ရှစ်သိန်းကျော်ရရှိပြီး ကျပ်ငါးသိန်းနီးပါး အကျိုးရရှိတဲ့အတွက် တောင်သူတွေ တွက်ချေကိုက်ကြတယ်လို့ဆိုပါတယ်။

  ထွက်ရှိတဲ့ ပုလဲသွယ်စပါးကိုတော့ ရွှေဘိုမြို့က ဆန်စပါးပို့ကုန်လုပ်ငန်းရှင်များက အမြဲတမ်းဝယ်ယူမှုရှိတဲ့အတွက် ဈေးကွက်ခိုင်မာလာတဲ့ ပုလဲသွယ်နွေစပါးစိုက်ပျိုးခြင်း ကို ဒေသခံတောင်သူတွေ စိတ်ဝင်စားကာ နောင်နှစ်များတွင် စိုက်ဧက တိုးလာဖွယ်ရှိတယ်လို့ သိရပါတယ်။

ထွန်းလှိုင်-မုံရွာ