တစ်ပတ်အတွင်း ငွေလဲနှုန်း ကျပ် နှစ်ဆယ်ကျော်မြင့်တက်

  ယခုတစ်ပတ်အတွင်း ဗဟိုဘဏ်၏ ငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်လာသကဲ့သို့ ပုဂ္ဂလိကဘဏ်များနှင့် ပုဂ္ဂလိကငွေလဲစင်တာများ၏ ငွေလဲနှုန်းများမှာလည်း ဆက် တိုက်မြင့်တက်လာခဲ့ကြောင်း ငွေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ မဟာသြင်္ကန်ကာလအလွန်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများဆက်တိုက်မြင့်တက်လာခဲ့ပြီး မေ ၇ရက်တွင် ကျပ် ၁၀၈၀သို့ ရောက်ရှိလာခဲ့သည်။

   ပြင်ပငွေလဲစင်တာများတွင် ဒေါ်လာများဝယ်လိုအားကောင်းနေသဖြင့် ပုဂ္ဂလိကဘဏ်များမှာ အခြေအနေကိုကြည့်၍ ရောင်းချနေရကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှတာဝန်ရှိ သူတစ်ဦးကဆိုသည်။

   ''ရောင်းဖို့ကတော့ ရှိနေပါတယ်။ ဒါပေမယ့် အခြေအနေကိုကြည့်ပြီး ရောင်းနေရတယ်။ လိုသလောက်တော့ ရောင်းမပေးနိုင်ခဲ့ဘူး။ ဝယ်လိုအား လိုက်နေပေမယ့် ဈေးက ဆက်တက်နေတဲ့အတွက် ထိန်းပြီးရောင်းနေရတယ်''ဟု ၎င်းကပြော ကြားခဲ့သည်။

   ဒေါ်လာဈေးတက်လာသဖြင့် သွင်းကုန်ပစ္စည်းများ ဈေးတက်လာနိုင်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ထောက်ပြ ခဲ့သည်။

   ပုဂ္ဂလိကငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ''ဒီတစ်ပတ်ထဲမှာ ငွေဈေးတက်တာ တော်တော်ကိုမြန်လာတယ်။ တစ်ပတ်အတွင်း ကျပ်နှစ်ဆယ်ကျော်တက်သွား တယ်။ ဈေးကွက်ထဲမှာလည်း အဝယ်က တော်တော်လေးကို လိုက်လာတယ်။ ဈေးတက်တော့ ဒေါ်လာနဲ့ ဈေးကစားတဲ့ သူတွေ တော်တော် များလာတယ်။ အဲဒီလိုဈေး ကစား တဲ့သူတွေများလာရင် ဈေးကွက် ပျက်တတ်တဲ့သဘောရှိတယ်''ဟု ပြောကြားခဲ့သည်။

   ပြင်ပငွေလဲစင်တာများတွင် မေ ၄ရက်က ရောင်းဈေး ၁၀၉၁ကျပ်၊ ဝယ်ဈေး ၁၀၈၇ကျပ်ရှိခဲ့ရာမှ မေ ၆ ရက် ညနေပိုင်းတွင် ရောင်းဈေး ၁၁၀၆ကျပ်၊ ဝယ်ဈေး ၁၁၀၀ ကျပ် ရှိလာ ခဲ့သည်။ ထို့နောက် ဆက်လက်မြင့်တက်လာခဲ့ရာ မေ ၇ရက် တွင် ရောင်းဈေး ၁၁၁၂ကျပ်၊ ဝယ်ဈေး ၁၁၀၅ကျပ်ရှိခဲ့ပြီး မေ ၈ရက်တွင် ရောင်း ဈေး ၁၁၁၅ကျပ်၊ ဝယ်ဈေး ၁၁၀၈ ကျပ်သို့ မြင့်တက်ခဲ့သည်။

မယ်သီတာ