ကဲ သတိထား အသံတွေကြားနေရတယ်

     ပဲစင်းငုံသီးနှံဟာ နှစ်စဉ်ဒီဇင်ဘာနောက်ဆုံးပတ်မှာ စတင်ပေါ်ပေါက်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီစသည့် လတွေမှာ ဖြိုင်ဖြိုင်ပေါ်သလို ဈေးကွက်အတွင်းကို လှိုင် လှိုင်ဝင်ရောက် တတ်တဲ့ သီးနှံပါ။ ပဲစင်းငုံသီးနှံရဲ့ ထူးခြားချက်က အခြားပဲများနှင့်မတူဘဲ ပြည်ပဝယ်လက်ကိုမျှော်ပြီး ရောင်းချရတဲ့သီးနှံပါ။ ပြည်တွင်းသုံးမရှိသလောက်လို့ ပြောရမှာပါ။ အခြားပဲ များဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံ၊ ထောပတ်၊ စွန်တာအစရှိတဲ့ သီးနှံတွေဟာ ပြည်ပဝယ်လက် ပြည်တွင်းသုံးစသဖြင့် ဈေးကွက်ရှိနေတတ်ပါတယ်။ ဆိုလို ချင်တာက ပဲစင်းငုံသီးနှံဟာ ပြည်တွင်းစားသုံးမှုမရှိသလောက်ဆိုတော့ ပြည်ပဝယ်လက်တစ်ခုတည်းကိုသာ မှီခိုနေရတဲ့သီးနှံပါ။ တစ်ခါဒီပဲစင်းငုံကို အိမ်နီးချင်းနိုင်ငံအိန္ဒိယက ဆွဲလေတော့ သူ့ကိုပဲအားကိုးရောင်းဝယ်နေကြတာပါ။

   အရောင်းအဝယ်ရဲ့  သဘောတရားမှာပစ္စည်းထွက်ရှိမှု ဝယ်လိုအားရောင်းလိုအားဆိုတာတွေ တွက်ကြချက်ကြခန့်မှန်းရ။ ဝယ်မှာလား၊ ရောင်းမှာလား၊ လှောင်မှာလား ဆိုတာတွေက အရောင်းအဝယ်လောကရဲ့မာယာတွေပါ ခန့်မှန်းတွက်ချက်တာမှန်သွားရင်တော့ အကျိုးအမြတ်ရခဲ့တော့ ပဲစင်းငုံကို ခိုင်လွန်းမာလွန်းလို့ ''ပဲမာ'' ပါလို့ တင်စားပြောဆိုကြတယ် နင့်နင့်နဲနဲရခဲ့ကြတာလည်း  ရှိခဲ့တာကိုး။ ကိုယ့် တွက်ဆချက်လွဲခဲ့ရင်တော့ အရှုံးပေါ်ခဲ့ရင်တော့ ပဲမာရယ် အသဲနာတယ်လို့ ပြောလိုပြော။ ပဲစင်းငုံကို ပဲစိတ်ကုန်လို့ အပြစ်တင်သူတင်ကြနဲ့ပါ။ ဘဝပျက်အောင် အရှုံးထွက်ခဲ့ကြလေတော့ ပြောကြတာပေါ့။

   ကောင်းပြီ ဒီနှစ်ပဲစင်းငုံဈေးနှုန်းများကို လေ့လာ ကြည့်ရအောင်ပါ။ ဇန်နဝါရီလ အနိမ့်ဆုံး တစ်တင်း ၂၄၃၀၀ ကျပ်၊ အမြင့်ဆုံး တစ်တင်း ၂၅၉၀၀ ကျပ်၊ ဖေဖော်ဝါရီလ အနိမ့် ဆုံးတစ်တင်း ၂၅၃၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ၂၉၆၀၀ ကျပ်၊ မတ်လ ယခုအချိန်ထိ အနိမ့်ဆုံးတစ်တင်း ၂၈၆၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ၂၉၇၀၀ ကျပ် ကြားထဲမှာ တစ်တင်းအပေါ် ၂၀၀ ကျပ်-၃၀၀ ကျပ်-၅၀၀ ကျပ်ဆိုတာကတော့ အတက်အကျရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အဖို့ ပဲစင်းငုံဟာ ယခင်နှစ်နဲ့ ယှဉ်ကြည့်ရင်တော့ အတက်ဈေးမှာရှိနေတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ဒီကြားကာလထဲမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကတော့ သတိချပ်သင့်ပါတယ်။ ဖြစ်ခဲ့ တဲ့ နှစ်စဉ်ဈေးတွေ ဒီနှစ်ထွက်ရှိမှု ဝယ်လိုအားဆိုတာတွေ တွက်ကြပြီး ဈေးမြောက်စရာမရှိဘူးလို့ တွက်ခဲ့ရင် ဈေးနှုန်းတစ်ခုနဲ့ ကြိုပြီးဝယ်ယူလိုက်မယ်၊ ထင်သလိုမဟုတ်ဘဲ ကိုယ်ကပစ္စည်းအပ်ရတော့မှ ပဲစင်းငုံနီဈေးဟာ အမြင့်ဘက်မှာရှိနေရင်ကွဲပြီပေါ့။ ဥပမာ မတ်လမှာ ပဲစင်းငုံ တစ်တင်း ၂၉၀၀၀ကျပ်-၃၀၀၀၀ကျပ်မဖြစ်နိုင်ဘူး။ ဒီတော့ မတ်လမှာ ကုန်အပ်မယ် ယခု ၂၂၀၀၀ ကျပ်ဈေးနှုန်း တစ်တင်းအပေါ် ငွေကြိုတင်ယူထားမယ်။ မတ်လကုန်ပစ္စည်းအပ်မယ် တစ်တင်း ယခုဈေးဆိုရင် ၂၉၇၀၀ ကျပ်ကဲ တစ်တင်းအပေါ်မှာ ၇၀၀၀ ကျပ်ကျော် အရှုံးပေါ်နေပြီ။ တစ်တင်းနော်လုပ်ထားတဲ့ အလုပ်က တင်းပေါင်းသောင်းချီရှိနေရင်ကွဲပြီပေါ့။ လေပတ်ကား၊ ကြိုပွိုင့်၊ ကြိုရောင်း၊ ကြိုဝယ်မလုပ်ကြဖို့ သက်ဆိုင် ရာက အမြဲတမ်းသတိပေးနေတယ်။ ဒါပေမယ့် အနည်းအများဆိုသလို နှစ်စဉ်ဖြစ်နေတယ်။ လောဘမကင်းနိုင်တဲ့လူတွေဆိုတော့ ဘယ်လောက်ပဲ သတိပေးနေပေးနေ၊ လော ဘဦးစီးနေလေတော့ ဖြစ်မြဲဖြစ်စဉ်တစ်ခုလို ဖြစ်နေပါတယ်။ ကဲ ပဲစင်းငုံသီးနှံကတော့ ယခုအချိန်ထိ ဈေးကွက်အတွင်းမှာ မှန်မှန်ဆက်လက်ချီတက်နေပါတယ်။  သူ့တာဝန် သူကျေတယ်ပေါ့၊ သီးနှံကမှန်နေပါတယ်။ ဒီမှန်နေတဲ့ သီးနှံအပေါ်မှာ ဘယ်သူတွေအမှားလုပ်ကြမှာလဲ ''ဒုက္ခကို အရောင်ဆိုးကြမှာလဲ'' လေ ပတ်ကား၊ ကြိုပွိုင့်၊ ကြိုရောင်းကြို ဝယ် ဒီအသံတွေကြားနေရတယ်။ ပဲစင်းငုံဇာတ်လမ်းမှတ်တမ်းတစ်ခုမှာ အသံတွေ ကြားနေရတယ်။ ကဲသတိထားအသံတွေကြားနေရတယ်။

မြင့်ဦး-ပခုက္ကူ