''အထည်ပန်းရိုက်နှင့် ဆေးရေးနည်းအခြေခံသင်တန်း'' သင်တန်းဆင်းပွဲမြစ်ကြီးနားတွင်ကျင်းပ

  ကချင်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ပူးပေါင်းဖွင့်လှစ်သည့် ''အထည်ပန်းရိုက်နှင့် ဆေးရေးနည်း အခြေခံသင်တန်း'' သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့တွင် ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ ခင်မောင်ထွန်း တက်ရောက်ချီးမြှင့်ခဲ့ပြီး ဖိတ်ကြားထားသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားသင်တန်းသူများ စုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့ကြပါတယ်။

   ကချင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီပွားရေးဝန်ကြီးဒေါက်တာခင် မောင်ထွန်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲ လာတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာဖို့ အဘက်ဘက်မှ ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအကြောင်းတရားများစွာရှိတဲ့အနက် ဈေးကွက်ဈေးနှုန်းပိုမိုရရှိစေတဲ့ အဆင့်အတန်းမီတဲ့ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး အချက်လည်းပါဝင်တာကြောင့် ဈေးကွက်ကိုယှဉ်ပြိုင်နိုင်အောင် ကြိုးစားစေလိုကြောင်းပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို အသေးစားစက်မှုလက်မှုဦးစီးဌာန ပြည် နယ်ဦးစီးမှူး ဦးအောင်မောင်းမှပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

   ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် သင်တန်းမှဒီဇိုင်းဆွဲနည်း၊ ပန်းဘောင်ပြုလုပ် နည်း၊ ဆေးဖျော်ဆေးစပ်နည်း၊ ပန်းရိုက်နည်း၊ အခြေခံဆေးရေးနည်း၊ ဖလင်ဖောက်နည်း၊ ရွှေကွပ်နည်းများအပြင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဖွင့်လှစ်သည့် သင် တန်းဖြစ်ခြင်းကြောင့် ဆက်စပ်ဌာနများ၏ လုပ်ငန်းလုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းပို့ချသွားခဲ့ကြသဖြင့် ဗဟုသုတများစွာလည်းရရှိခဲ့ပါကြောင်း၊ နောင်တွင်လည်း ဌာန ဆိုင်ရာများမှ ပူးပေါင်းဖွင့်လှစ်မည့်အသက်မွေးဝမ်းကျောင်းပညာပေးသင်တန်းများကိုလည်း ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်းပြောကြားသွားခဲ့တယ်လို့သိရပါတယ်။

မောင်မောင်ခိုင် - မြစ်ကြီးနား