ကားတာယာမှ ထုတ်လုပ်သောပစ္စည်းများ ကျေးလက်ဒေသများတွင်အသုံးများလာ
မကွေးမြို့၊ မြင်သာရပ်ကွက် ၂၁ လမ်းတွင် ကားတာယာမှထုတ်လုပ်သော အိမ်သုံးပစ္စည်းများ၊ လက်ဆွဲရေပုံး၊ ရေ ထည့်ဇလားခွက်နှင့် ကျောက်သယ်ဇလားများကို ကျွမ်းကျင် လုပ်သားများဖြင့် ဈေးကွက်တွင်ကျယ်စွာထုတ်လုပ်ရောင်းချ နေကြောင်းသိရသည်။
''လက်ဆွဲရေပုံးကတော့ အကြီးအသေးဆိုဒ်အမျိုးမျိုးလုပ်တယ်။ ဈေးက ကျပ် ၁၀၀၀-၁၅၀၀-၂၀၀၀ အထိရှိတယ်။ လက်လီဈေးပေါ့။ ရေထည့်ဇလားကလည်း အကြီးအသေး ဆိုဒ်အမျိုးမျိုးပေါ့။ အကြီးဆုံးက အဝအကျယ် ၂၀ လက်မ၊ အမြင့် ၁၂ လက်မရှိတယ်။ ဈေးကတော့အကြီးအသေးပေါ် မူတည်ပြီး ကျပ် ၁၅၀၀-၃၀၀၀ အထိရှိတယ်။ နောက် ရှိသေးတာက ကျောက်သယ်ပုံး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကျောက်သယ်ကြတာ၊ သူက အကြမ်းသုံးဆိုတော့ ခိုင်ခန့်အောင် ''နပ်'' စုပ်ပေးရတယ်။
တစ်ပုံး ကျပ် ၁၇၀၀-၂၀၀၀ ရှိတယ်။ အရင်ကတာယာဖိနပ်လုပ်တယ်။ ခုတာယာဖိနပ်ခေတ်ပျောက်သွားပြီး ခုချိန်အဲဒီပစ္စည်းတွေကို နတ်မောက်၊ တောင်တွင်း၊ မြို့သစ်၊ ပျော် ဘွယ်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ စေတုတ္တရာ၊ ငဖဲအထိဈေးကွက် ပျံ့နှံ့တယ်။ အဲဒီက လက်ကားကုန်သည်တွေ ကားတွေနဲ့သယ်ကြတယ်။ ဒီပစ္စည်းတွေကို ကျေး လက်ဒေသတွေက အသုံးများကြတယ်။ မြို့ပြကတော့အသုံးပြုမှု အလွန်နည်းပါတယ်'' ဟုလုပ်ငန်းရှင်ကပြောသည်။
အဆိုပါပစ္စည်းများထုတ်လုပ်ရာတွင် နိုင်လွန်တာယာ နှင့် စတီးလ်တာယာကို သုံးကြသည်။ စတီးလ်တာယာကို သားရေဖိနပ်များပြုလုပ်ရာတွင် အောက်ခံအဖြစ်အသုံးပြု သည်။ နိုင်လွန်တာယာမှာ လက်ဆွဲရေပုံး၊ ရေထည့်ဇလား အဖြစ်ပြုလုပ်ရာတွင်အသုံးပြုသည်။ ကုန်ကြမ်းတန်ဖိုးမှာ နိုင်လွန်တာယာအဟောင်း တစ်လုံး ကျပ် ၄၀၀၀၊ စတီး တာယာ အဟောင်း ကျပ် ၂၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
''ဒီအလုပ်က လုပ်ငန်းလှိုင်လာတဲ့အခါ ကုန်ကြမ်းရှားသွားတယ်။ ဒီနှစ်ကတော့ လုပ်ပြီးတဲ့ပစ္စည်းလှောင်တာမရှိဘူး။ ချက်ချင်းကုန်တယ်။ အထူးသဖြင့် နွားစာထည့်ကျွေးတဲ့ ဇလားနဲ့ရေပုံးကအရောင်းရဆုံးပဲ။ ယမန်နှစ်ကတော့ လုပ်ပြီးသားပစ္စည်းတွေ လှောင်ထားတဲ့အခြေအနေရောက်ခဲ့တယ်။ အလုပ်ရုံမှာ နေ့စဉ်ကျွမ်းကျင်လုပ်သား ၁၀ ဦးလောက် ရှိပါတယ်။ လုပ်ခကတော့ အလုပ်ပြီးစီးမှုအပေါ် မူတည်ပြီး ၄၀၀ဝိ- ၅၀၀ဝိ ရကြပါတယ်'' ဟု ကားတာယာလုပ်ငန်းရှင်ကပြောသည်။
နေလင်းသူရိန်