တစ်ပတ်အတွင်း မြန်မာ့ရွှေဈေး ကျပ်ခြောက်ထောင်ခန့်ထပ်မံမြင့်တက်လာ

   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျပ်ငါးထောင်ခန့်မြင့်တက်လာခဲ့သည့် မြန်မာရွှေဈေးသည်  ယခုတစ်ပတ်တွင်လည်း ကျပ် ခြောက်ထောင်ခန့်ထပ်မံမြင့်တက်ခဲ့ကြောင်း သိရသည်။ ဈေးစဖွင့်သည့် နေ့တစ်နေ့တည်းမှာပင် ကျပ်ငါးထောင်ခန့်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းငွေလွှဲနှုန်းများလည်းမြင့်တက်လာခဲ့သဖြင့် ယခုကဲ့သို့ ရွှေဈေးများမြင့် တက်လာရခြင်း ဖြစ်ကြောင်း  ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

   ''ပြည်တွင်းဈေးကွက်မှာ အဝယ်လိုက်လာတဲ့အပြင်   ပြည်တွင်းငွေလဲနှုန်းကလည်းတက်လာတယ်။ အမေရိကန်ဒေါ်လာဈေးတွေတက်လာတဲ့အချိန်မှာ ရွှေဈေးကျရမယ်ဆိုပေ မယ့် စတော့ဈေးကွက်တွေရဲ့ ဈေးနှုန်းတွေ ကျဆင်းလာတာကြောင့်  ရွှေဘက်ကဝယ်လိုအားတွေကောင်းလာတယ်။ အဲဒါကြောင့် ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်လာရတာပါ။ ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်လာတာကြောင့် မြန်မာ့ရွှေဈေးကလည်း လိုက်ပြီးမြင့်တက်လာတာပါ။ ပြည်တွင်းငွေလဲနှုန်းကလည်း ခုရက်ပိုင်းမှာ မြင့်တက်လာ တာကြောင့် ရွှေဈေးတွေ မြင့်တက်လာတာပါ''ဟု ရွှေကုန်သည်တစ်ဦးက  ပြောကြားခဲ့သည်။

   မြန်မာ့ရွှေဈေးကွက်တွင် ဈေးစဖွင့်သည့်ရက်တွင်သာ တစ်ရက်အတွင်းဈေးမြင့်တက်ခဲ့သော်လည်း နောက်ပိုင်းရက်များတွင်မူ   အမြင့်ဈေးဖြင့်ဈေးငြိမ်ကာအရောင်းအဝယ်ဖြစ် လျက်ရှိကြောင်းသိရသည်။

   ''မြန်မာ့ရွှေဈေးကွက်မှာတော့ ဒီရက်ထဲမှာ ဈေးကအမြင့်ဈေးနဲ့ပဲ ဈေးငြိမ်နေတယ်။ ဈေးစဖွင့်တဲ့နေ့ကတော့ တစ်နေ့တည်းကို ဈေးက မြင့်တက်သွားတာ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ဈေးက ငြိမ်နေတယ်''ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။

   မြန်မာ့ရွှေဈေးသည် မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းက ကျပ် ၆၇၄၀၀၀ ရှိရာမှ ညနေပိုင်းဈေးပိတ်ချိန်တွင် ကျပ် ၆၇၉၀၀၀ သို့  မြင့်တက်ခဲ့သည်။ ထို့ နောက် မတ် ၂၄ရက်မှ ၂၆ ရက် အထိ ကျပ် ၆၈၀၀၀၀ ဖြင့် ငြိမ်သက်လျက်ရှိသည်။ ကမ္ဘာ့ရွှေဈေးသည် မတ် ၂၃ ရက် က ၁၁၈၅ ဒေါ်လာရှိခဲ့ပြီး မတ် ၂၆ ရက် တွင် ၁၁၉၄ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။

မယ်သီတာ