ဒေါ်လာဈေးများ ထပ်မံမြင့်တက်လာပြီးနောက် ပြန်လည်ကျဆင်း

   ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက်လာခဲ့သည့် ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်းထပ်မံမြင့်တက်လာခဲ့ကာ ကျပ် ၁၁၀၀ နီးပါးသို့ ပင်ရောက်ရှိခဲ့ သည်။   အမေရိကန်ဒေါ်လာအားကောင်းလာမှုကြောင့် ပြည်တွင်းငွေလဲဈေးကွက်အတွင်း ဈေးများမြင့်တက်လာရခြင်းဖြစ်သကဲ့သို့ ပြည်တွင်းမှ ငွေဈေးကစားသူများကြောင့် လည်း ငွေလဲနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရက ဝန်ထမ်းများအား လစာနှုန်းထားများတိုးမြှင့်ပေးသည့် သတင်းများကြောင့်လည်း ငွေလဲနှုန်း များမြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းသုံးသပ်လျက်ရှိသည်။

   '' နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာက အားကောင်းနေတယ်။ နောက်ပြီး ပြည်တွင်းဈေးကွက်မှာလည်း ဈေးကစားတဲ့သူတွေရှိနေတယ်။ အဲဒါတွေကြောင့် ဈေးက တစ်နေ့ ပြီးတစ်နေ့မြင့်တက်လာရတာပါ။ နိုင်ငံတော်အစိုးရကလည်း နိုင်ငံ့ ဝန်ထမ်းတွေကို လစာနှုန်းထားတွေတိုးပေးလိုက်တဲ့အတွက် ငွေလဲနှုန်းတွေမြင့်တက်လာရတာပါ။ ဒါပေမယ့် တစ်ပတ်အတွင်းဈေးပိတ်ရမယ့်နေ့ကျတော့ ဈေးကပြန်ကျသွားတယ်။ ဒီတစ်ပတ်ထဲမှာတော့ ဈေးအတက်အကျ တော်တော်လေးကို ကြမ်းတယ်လို့ပြောရမယ်။ ဈေးစဖွင့်တုန်းက ၁၀၇၉-၁၀၈၃ကျပ်ပဲရှိပေမယ့် မတ်လ ၂၄ရက်နေ့မှာတော့ ကျပ် ၁၀၈၆-၁၀၉၀ အထိတက်သွားတယ်။ နောက်နေ့လည်းကျရော ဈေးကတအိအိနဲ့ကျသွားတယ်။ ဒါကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ အတက်အကျကြမ်းတဲ့အတွက် ကုန်သည်တွေ အထိနာနိုင်တယ်။ ဒီလိုဈေးကစားတာမျိုးက တော်တော်လေးကို ဆိုးလွန်းတယ်'' ဟု ငွေလဲဈေးကွက် အတွင်း ရောင်းဝယ်နေသူတစ်ဦးကဆိုသည်။

  သိမ်ဖြူငွေလဲဈေးကွက်တွင်မူ ဗဟိုဘဏ်မှသတ်မှတ်ပေးထားသည့်နှုန်းထားအတိုင်းသာ ရောင်းဝယ်နေသည်ဟုဆိုသော်လည်း အရောင်းအဝယ်ကိုမူပိတ်ထားလျက်ရှိကြောင်း သိရသည်။ ဗဟိုဘဏ်မှသတ်မှတ်ထားသည့် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၀၂၆ကျပ်သာရှိကြောင်း ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှသိရသည်။

   ပြင်ပငွေဈေးကွက်တွင်မူ မတ် ၂၃ရက်က ရောင်းဈေး ၁၀၈၃ကျပ်၊ ဝယ်ဈေး ၁၀၇၉ကျပ်ရှိခဲ့ရာမှ မတ် ၂၄ရက်တွင် ရောင်းဈေး ၁၀၉၀ကျပ်၊ ဝယ်ဈေး ၁၀၈၆ ကျပ်ရှိခဲ့သည်။ မတ် ၂၆ ရက်တွင် ရောင်းဈေး ၁၀၈၀ကျပ်၊ ဝယ်ဈေး ၁၀၇၅ ကျပ်ရှိခဲ့ကြောင်းသိရသည်။

မယ်သီတာ