ဝယ်လိုအားကောင်းတဲ့ စစ်ကိုင်းငုံနီ
မုံရွာကုန်စည်ဒိုင်သို့ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ဘုတလင်၊ ချောင်းဦးမြို့နယ်များမှ ပဲစင်းငုံနီများ ဝင်ရောက်မှု မတ်လကုန်ပတ်မှာ အနည်းငယ်လျော့နည်းခဲ့ရာ တစ်ရက်တင်း ၃၀၀၊ ၄၀၀ ခန့်သာ ဝင်ရောက် ပါတယ်။
ရန်ကုန်ဝယ်လက် Export ရှိလို့ ပဲစင်းငုံနီကို ဝယ်လိုအားကောင်းနေပြီး၊ မုံရွာကုန်စည်ဒိုင်မှ ရောင်းလိုအားနည်းနေကြောင်း၊ လှောင်လက်သမားများကလည်း ထုတ်ရောင်းနေ လို့ မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ် အကောင်းဆုံးနေ့မှာ ပဲစင်းငုံ တင်း ၁၀၀၀ ကျော်၊ အရောင်းအဝယ်အေးတဲ့နေ့မှာ အနည်းဆုံး တင်း ၄၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်ကသိရပါတယ်။
ပဲစင်းငုံဈေး အတက်အကျမှာ မွမ်ဘိုင်းဈေး အတက်အကျပေါ်မူတည်နေလို့ ဈေးအတက်အကျ အမြဲဖြစ်နေပါတယ်။ မတ်လအတွင်း ပဲစင်းငုံနီတစ်တင်းပေါက်ဈေး အနိမ့်၊ အမြင့်မှာ ၂၈၅၀၀ ကျပ်၊ ၂၉၆၀၀ ကျပ်ဈေးရှိပါတယ်။ ယခင်နှစ်ကာလတူ ပေါက်ဈေးမှာ ၁၇၈၀၀ ကျပ်၊ ၁၉၆၀၀ ကျပ် ဈေးပေါက်ခဲ့ပါတယ်။
သန်းသန်းတင်-မုံရွာ