မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တတိယအကြိမ်မြောက် ''ဝါးအခြေခံသင်တန်း'' ဖွင့်လှစ်

   မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းရှင်များအတွက် အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ ယခုအချိန်အထိ အရင်းအနှီးများကိုထုတ်ချေးပေးလျက်ရှိပါတယ်။ ကျေးလက်လုပ်ငန်းရှင်များရဲ့ ပထမလိုအပ်ချက်ဖြစ်တဲ့ အရင်းအနှီးကို ထုတ်ချေးပြီးသည့်နောက် နည်း ပညာများရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသည့်အနေဖြင့် သင်တန်းများကိုဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။

   မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က ဝါးနှင့်ပတ်သက်သော ''ဝါးလုပ်ငန်းအခြေခံသင်တန်း'' အား တတိယ အကြိမ်မြောက်ဖွင့်လှစ်ကြောင်းသိရပါတယ်။

   အဆိုပါဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇံကအဖွင့်အမှာစကားပြောကြားပြီး ဝါးနှင့်ပတ်သက်သည့် အကြောင်းအရာ များကို တိုင်းဒေသကြီးဦးစီးမှူး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသူကသင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်များကိုပြောကြားကြောင်းသိရပါတယ်။ ၎င်းဝါးလုပ်ငန်းအခြေခံသင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနဝန်ကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် သင်တန်းသား သင်တန်း သူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ကြောင်းသိရပါတယ်။

စိုးအောင် - မန္တလေး