ဒေါ်လာဈေးများ အတက်အကျကြမ်းလာနိုင်သည်ဟုဆို

   ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက  မြင့်တက်လာခဲ့သည့် ဒေါ်လာဈေးများသည် ယခုတစ်ပတ်တွင်လည်းဆက်လက်မြင့်တက်ခဲ့ကာ အတက်ကြမ်းခဲ့ကြောင်းသိရသည်။ ရက်သတ္တတစ်ပတ်၏ နောက်ဆုံးရက်များတွင်မူ ငွေလဲနှုန်းများသည် အနည်းငယ်တန့်သွားခဲ့ကြောင်းသိရသည်။

   ထိုကဲ့သို့ ဈေးများဆက်တိုက်မြင့်တက်ရခြင်းမှာ ဒီဇယ်သမားများအဝယ်လိုက်လာခြင်းနှင့် ပြည်တွင်းငွေဈေးကစားသူများ၏လှုပ်ရှားမှုများကြောင့် ဈေးများဆက်တိုက်မြင့်တက် လာရခြင်းဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှသိရှိရသည်။

  ''ဒီတစ်ပတ်ထဲမှာ ဈေးကဆက်တိုက်ကိုမြင့်လာတယ်။ ၁၀၈၂ ကျပ်အထိ မြင့်တက်သွားတာကြောင့် ဈေးကွက်မှာ မငြိမ်မသက်တွေဖြစ်နေတယ်။ ပုဂ္ဂလိကဘဏ်တွေ ရဲ့ ငွေလဲကောင်တာတွေမှာတော့အရောင်းပိတ်ထားတယ်။ အပြင်ငွေလဲကောင်တာတွေမှာတောင် တချို့ကောင်တာတွေကပိတ်ထားတယ်။ တချို့ကောင်တာတွေက ပိတ် မထားပေမယ့် အရောင်းကိုမလုပ်ဘူး။ ဈေးကွက်ထဲမှာ ဈေးကစားသူတွေကြောင့် အခုလို ရုတ်တရက်ဈေးမြင့်တက်လာတဲ့အတွက် ပြန်ကျတဲ့အခါမှာလည်း အကျကြမ်းနိုင် တယ်''ဟု ဈေးကွက်အတွင်းမှ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

   အခုရက်ပိုင်းတွင် ဒီဇယ်တင်သွင်းသူများကလည်း ၎င်းတို့၏လိုအပ်ချက်များ ပြည့်မီသွားပြီဖြစ်၍ ဒေါ်လာဝယ်ယူမှုကို ရပ်တန့်လိုက်ချိန်တွင် ဈေးကွက်အတွင်း၌ ဝယ်လိုအား များကျဆင်းလာနိုင်ကြောင်း၊ ယင်းကဲ့သို့ဝယ်လိုအားကျဆင်းလာပါကဒေါ်လာဈေးများပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။ သိမ်ဖြူငွေလဲကောင် တာတွင်မူ ရောင်းဈေး ၁၀၃၅ကျပ်၊ ဝယ်ဈေး ၁၀၃၃ ကျပ်ဖြင့်  တစ်ပတ်အတွင်း ဈေးဖွင့်ထားသော် လည်း အဝယ်သာရှိပြီး အရောင်းမှာမူပိတ်ထားကြောင်းသိရသည်။

   ပြင်ပငွေလဲစင်တာများတွင်မူ မတ် လ ၁၆ရက်နေ့က ရောင်းဈေး ၁၀၆၆ ကျပ်၊ ဝယ်ဈေး ၁၀၄၆ကျပ်ရှိခဲ့ရာမှ မတ်လ ၁၈ရက်နေ့ တွင်  ရောင်းဈေး ၁၀၇၈ ကျပ်၊ ဝယ်ဈေး ၁၀၇၄ ကျပ်သို့ မြင့်တက်ခဲ့သည်။ မတ်လ ၂၀ရက်နေ့တွင် ရောင်းဈေး ၁၀၇၈ ကျပ်၊ ဝယ်ဈေး ၁၀၇၁ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။

မယ်သီတာ