ကျွဲကောသီးနှံဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်နယ်တွင်ကျင်းပ

   ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် မွန်ပြည်နယ်နဲ့ အဓိကသီးနံှမျိုးဖြစ်တဲ့ ကျွဲကောသီးနှံ စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား မွန်ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး မတ်လ ၁၂ ရက်မှ ၁၃ ရက်ထိ ကျင်းပပါတယ်။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကန်ကလေးဥယျာဉ် ခြံခန်းမတွင် မတ်လ ၁၂ ရက်က ကျွဲကောသီးနှံဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်၊ မွန်ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်း၊ စိုက်ပျိုးရေးဦးစီးဌာန မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နဲ့အမှုဆောင်များ၊ သစ်သီးဝလံအသင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ဂျာမန်ဖွံ့ဖြိုးရေးအဖွဲ့ (GIZ) မှ Dr. Astrid Faust နှင့် မွန်ပြည်နယ်အတွင်းမှ  ကျွဲကောစိုက် တောင်သူများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ ၊ လုပ်ငန်းရှင်များ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ခဲ့ပါတယ်။ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက အမှာစကားပြောကြားရာမှာ မွန်ပြည်နယ်ဟာ ကျွဲကောသီးနှံဖြစ်ထွန်းအောင်မြင်တဲ့ဒေသဖြစ်ပြီး၊  ပြည်တွင်းဖြန့်ဖြူးရောင်းချနေရုံဖြင့် ကျေနပ်မနေဘဲ ပြည်ပတင်ပို့တဲ့ အဓိက သီးနှံတစ်မျိုးဖြစ်လာအောင် ဆောင်ရွက်စေလိုကြောင်း၊ မွန်ပြည်နယ်ရဲ့ အမှတ်အသားတစ်ခုဖြစ်အောင် စုပေါင်းဆွေးနွေးကြရန် အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိချက်များကို စီမံချက်ရေးဆွဲအတည်ပြုကြရန်နှင့် အကောင်အထည်ဖော်နိုင်ရေး၊ မွန်ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြရန်မှာကြားပါတယ်။ ယင်းနောက် မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဌနှင့် ကျွဲကောသီးနှံအစုအဖွဲ့ဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားအပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက် လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ ''ကျွဲကောသီးနှံနှင့် မွန်ပြည်နယ်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊  GIZ မှ ပညာရှင် Dr. Astrid Faust မှ ''ကမ္ဘာ့ ကျွဲကောသီး ဈေးနှုန်းဈေး ကွက်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျွဲကောသီးအစုအဖွဲ့ခေါင်းဆောင်  ဦးဝင်းရွှေမှ ''လက်ရှိ ကျွဲကောသီးကဏ္ဍ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်သီးဝလံအသင်းမှ ဒေါ်မြလွင်လွင်အောင်က ''သစ်သီးဝလံအသင်း၏ ကျွဲကောသီးကဏ္ဍအတွက် လုပ်ဆောင်ခဲ့မှုများ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ် ကျွဲကောသီး အစုအဖွဲ့မှ ဒေါ်သန်းသန်းဆွေ (စိမ်းလဲ့တင်) က ''ကျွဲကော ဖျော်ရည်လုပ်ဆောင်ပုံအဆင့်ဆင့်'' ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြပြီး ကျွဲကော Value Chain မြေပုံကြမ်း ရရှိရေးအတွက် သစ်သီးဝလံအသင်းမှကျွမ်းကျင်သူများဖြစ်သည့် ဒေါ်စန္ဒာမျိုးနှင့် ဒေါ်ဇင်မာသန်းတို့မှ အဓိကပါဝင်ဆောင်ရွက်ကြကြောင်းသိရပါတယ်။

စိုးမြင့်-မော်လမြိုင်