တောင်သူအတွက် အကျိုးများတဲ့ ပုလဲနယ်ကမိုးစပါး

  ပြီးခဲ့တဲ့ မိုးရာသီက ပုလဲမြို့နယ်မှာ မိုးစပါးစိုက်ဧက ၄၄၀၀၀ ကျော်ရှိခဲ့ရာ အမျိုးအစားအားဖြင့် ဈေးကောင်းရတဲ့ လုံးသွယ်မွှေး၊ ဝန်းကြီးဧရာနဲ့ ရေဆင်းဧရာတို့ကို ပိုမိုစိုက်ပျိုးကြ တယ်လို့သိရပါတယ်။

   မိုးစပါးဈေးကွက်အနေနဲ့ စပါးပေါ်ချိန်ကနေ ယနေ့ အထိ မျိုးကောင်းစပါးဈေးများမှာ  တင်း ၁၀၀ ကို ၆၅၀၀၀၀ ကျပ်မှာ  မာနေပြီး ပုလဲနယ်တစ်နယ်လုံး ဒီဈေးနဲ့ပဲ အရောင်း အဝယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန်ဈေးအားဖြင့်လည်း လုံးသွယ်မွှေး၊ ဝန်းကြီးဧရာနဲ့ ရေဆင်းဧရာ သုံးမျိုးစလုံး စက်ကျ ဈေး တစ်အိတ် ၂၈၀၀၀ ကျပ်ရှိပြီး၊ ဇကာချကော်ချက် ကတော့ တစ်အိတ် ၃၃၀၀၀ ကျပ်ဈေးရှိတယ်လို့ ဆိုပါတယ်။

   အဆိုပါဆန်များမှာ အမျိုးအစားကောင်းမွန်သလို ဈေးလည်းသင့်တင့်တဲ့အတွက် ပုလဲဒေသတွင်း အရောင်းအဝယ်အနည်းငယ်သွက်နေသလို ပိုလျှံတဲ့စပါးနဲ့ ဆန်တွေကိုတော့ စက်ပိုင်များပွဲစားများမှ တစ်ဆင့် မုံရွာဆန်စက်နဲ့ ဆန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။

   ပုလဲမြို့နယ်မှာ  မိုးစပါးဧက ၄၀၀၀၀ ကျော် နှစ်စဉ်စိုက် ပျိုးလျက်ရှိပြီးထွက်ရှိတဲ့   စပါးကို ဒေသတွင်း ကျေးရွာများရှိ ဆန်စက်ငယ်များမှာ တစ်နိုင်တစ်ပိုင်ကြိတ်ခွဲလျက်ရှိရာ စပါးကြိတ်ခွဲခအနေနဲ့ စပါးတစ်တင်း ၁၀၀ ကျပ်နှုန်းနဲ့ ထွက်လာတဲ့ ဖွဲ၊ ဆန်ကွဲကို စက်ပိုင်ယူ စနစ်ဖြင့် ကြိတ်ခွဲလျက်ရှိတယ်လို့ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

   ဆန်အောက်တန်းအနေနဲ့ ဆည်ရေမရတဲ့ ဒေသထွက် စပါးကို တင်း ၁၀၀ အတွက် ဆန် ၃၆ တင်းနှုန်း၊ ဆည်ရေရတဲ့ ဒေသထွက်စပါးကိုတော့ တင်း ၁၀၀ ကို ဆန် ၃၉ တင်းနှုန်း အပ်နှံသူကို ပေးရတယ်လို့ ဆိုပါတယ်။

   ပုလဲနယ်မှာ ဆည်ရေရဒေသတွေများလို့ မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှုကောင်းမွန်ရာ တစ်ဧကအနိမ့်ဆုံး တင်း ၈၀ ခန့်ထွက်တဲ့အတွက် တောင်သူတွေလည်း တွက်ခြေကိုက် တယ်လို့ဆိုပါတယ်။

   ယခုအခါ မြောက်ယမားဆည်က မြောင်းလက်တံများ တိုးချဲ့ဆောင်ရွက်နေပြီးဖြစ်လို့ လာမယ့်နှစ်မှာ မိုးစပါးစိုက် ဧက ယခုထက်ပိုလာဖွယ်ရှိပြီး ပုလဲဒေသခံတောင်သူတွေ စပါးစိုက်ဧကတိုးကာ အလုပ်အကိုင်နဲ့ ဝင်ငွေအကျိုးစီးပွားပါဖွံ့ဖြိုးလာစေမှာဖစ်တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

ထွန်းလှိုင်-မုံရွာ