မြန်မာ့ရွှေဈေး ဆက်လက်ကျဆင်းလာ

   မြန်မာ့ရွှေဈေးသည်ယခုတစ်ပတ်အတွင်း ဆက်လက်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကတည်းက ကျဆင်း ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်ကျဆင်းလာခဲ့ကြောင်းသိရသည်။ အမေရိကန်ဒေါ်လာများ အားကောင်းလာမှုကြောင့် ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ပြီးတရုတ် နှစ်သစ်ကူးကာလအလွန်တွင် ပြန်လည်မြင့်တက်မည်ဟု ခန့်မှန်းခဲ့သော်လည်းကျဆင်းနေဆဲ ဖြစ်ကြောင်းသိရသည်။

   ''မြန်မာ့ရွှေဈေးက  ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ကျဆင်းနေတာပါ။ ဒီတစ်ပတ်ထဲမှာ မြင့်တက်မယ်လို့ ဆိုပေမယ့် ခုတော့ ဈေးကကျလာတယ်။ ဒီတစ်ပတ်ထဲမှာကို နည်းနည်း အတက် ပြခဲ့ပေမယ့်   ရက်သတ္တတစ်ပတ်ရဲ့ နောက်ဆုံးရက်မှာတော့ ဈေးကကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း တောက်လျှောက်ကို ကျလာတယ်။ ပိုဆိုးတာက ဈေးက  တစ်နေ့နဲ့တစ်နေ့ အတက်အကျ  မြန်လွန်းတဲ့အပြင် အတက်အကျလည်းကြမ်းတယ်။ ဒီ တစ်ပတ်ကတော့ အဆိုးဆုံးပဲ''ဟု ရွှေကုန်သည်တစ်ဦးကဆိုသည်။

   မြန်မာ့ရွှေဈေးသည် မတ်လ ၉ ရက်က ကျပ် ၆၆၃၅၀၀ ရှိခဲ့ရာမှ မတ် ၁၁ရက်တွင် ကျပ် ၆၆၇၀၀၀သို့ မြင့် တက်လာခဲ့သည်။ မတ် ၁၃ရက်တွင်မူ ကျပ် ၆၆၄၀၀၀ သို့ ပြန် လည် ကျဆင်းလာခဲ့သည်။

   ကမ္ဘာ့ရွှေဈေးသည် မတ် ၉ရက်က ၁၁၆၉ ဒေါ်လာရှိခဲ့ပြီး မတ်  ၁၁ ရက်  တွင် ၁၁၆၃ ဒေါ်လာရှိခဲ့သည်။ မတ် ၁၃ ရက်တွင် ၁၁၅၇ ဒေါ်လာသို့ဆက်လက်ကျဆင်းခဲ့သည်။

မယ်သီတာ