ငွေလဲနှုန်းများ ဆက်လက်မြင့်တက်လာ ဘဏ်အချို့အရောင်းကောင်တာများပိတ်ထားလျက်ရှိ
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့ကြောင်းသိရသည်။ နိုင်ငံတကာတွင် အမေရိ ကန်ဒေါ်လာ အားကောင်းလာမှုကြောင့် ငွေလဲနှုန်းများမြင့်တက်ရခြင်းဖြစ်သည်ဟုဆိုသည်။
သို့သော်ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေးပါ လိုက်ပါကျဆင်းလာခဲ့ရာ ရွှေကုန်သည်အချို့က ဒေါ်လာဘက်တွင်ဝင်ရောက်၍ ဈေးကစားမှုများရှိလာခြင်းကြောင့် ယခုကဲ့သို့ ဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ကုန်သည်တချို့က သုံးသပ်လျက်ရှိသည်။
''ဒေါ်လာအားကောင်းလာလို့ ဒေါ်လာဈေးတက်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ခုဟာက ရက်ပိုင်းအတွင်းမှာပဲ နှစ်ဆယ်ကျော်လောက်တက်သွားတဲ့အတွက် ဒါဟာ လက်ခံလို့မရတဲ့ အခြေအနေပါ။ သူတို့တွေဝင်ပြီး ဈေးကစားတယ်ဆိုတာဖြစ်နိုင်ပါတယ်။ ရွှေဈေးကလည်း အတက်အကျတွေများနေတော့ သူတို့က အဲဒီဘက်မှာ ရင်းထား တာတွေက အရှုံးတွေချည်းပဲလေ။ ဒါကြောင့် ဒီဘက်မှာလာပြီးဈေးကစားတာပါ။ သူတို့ဈေး ကစားလို့ ငွေဈေးတက်လာတာက ပို့ကုန်သမားတွေအတွက် မထိခိုက်ပေမယ့် သွင်းကုန်သမားတွေမှာတော့ ဒုက္ခရောက်တာပေါ့''ဟု ကုန်သည်တစ်ဦးကဆိုသည်။
ငွေလဲနှုန်းများမြင့်တက်လာမှုကြောင့် ဘဏ်တချို့၏ ငွေလဲကောင်တာများတွင် အရောင်းကောင်တာကိုပိတ်ထားပြီး အဝယ်ကောင်တာကိုမူ ဖွင့်ထားကြောင်း၊ သို့သော် လာရောက်ရောင်းချသူမှာ မရှိသလောက်နည်းပါးကြောင်းဖြင့် AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ကမ္ဘောဇဘဏ်တွင် မတ်လ ၁၃ ရက်က ဝယ်ဈေး ၁၀၅၃ ကျပ်၊ ရောင်းဈေး ၁၀၇၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
သိမ်ဖြူငွေလဲစင်တာတွင်မူ ဗဟိုဘဏ်မှ သတ်မှတ်ပေးသည့်နှုန်းထားအတိုင်း ရောင်းချပေးနေသည်ဟုဆိုသော်လည်း အရောင်းကောင်တာကိုမူပိတ်ထားကြောင်းသိရသည်။
ပြင်ပငွေလဲစင်တာများတွင် မတ် ၉ရက်က ဝယ်ဈေး ၁၀၄၇ကျပ်၊ ရောင်းဈေး ၁၀၅၁ ကျပ်ရှိခဲ့ပြီး မတ် ၁၀ ရက်တွင် ဝယ်ဈေး ၁၀၅၂ကျပ်၊ ရောင်းဈေး ၁၀၅၆ ကျပ်သို့ မြင့်တက် လာခဲ့သည်။ မတ် ၁၂ရက်တွင် ဝယ်ဈေး ၁၀၆၈ကျပ်၊ ရောင်းဈေး ၁၀၇၃ ကျပ်ရှိခဲ့ပြီး မတ် ၁၃ ရက်တွင် ဝယ်ဈေး ၁၀၆၂ ကျပ်၊ ရောင်းဈေး ၁၀၇၃ ကျပ်ဖြင့် ရောင်း ဝယ် လျက်ရှိကြောင်းသိရသည်။
မယ်သီတာ