တောင်ပျံမွှေးစပါးဈေးဆက်လက်အေး

   ပြည်တောင်ပျံမွှေးဈေးကွက်က  မတ်လပထမပတ်အတွင်း  တဖြည်းဖြည်းဈေးကျဆင်းလာတာတွေ့ရပါတယ်။ ဒေသတွင်း အရောင်းအဝယ်သာရှိပြီး နယ်ဘက်သို့ လုံး၀ အထွက်မရှိကြောင်းလည်းသိရပါတယ်။

   ယခင်တစ်ပတ် တောင်ပျံမွှေးစပါးတင်း ၁၀၀ (၄၆) ပေါင်ကိုက်ဈေး ၆၅၃၂၀၀ ကျပ်ရှိခဲ့ရာမှ ယခု မတ်လဆန်းတွင် ၆၄၄၀၀၀ ကျပ်ဈေးသာ အရောင်း အဝယ်ဖြစ်ပြီး စပါးတင်း ၁၀၀ ကို ကျပ် ၁၀၀၀၀ နီးပါး ဈေးကျဆင်းလာတာတွေ့ရပါတယ်။ ဆန်တစ်အိတ်ဈေးကတော့ ထိပ်စ ၃၁၀၀၀ ကျပ်နှင့် ဈေး ငြိမ်နေပြီး အရောင်းအဝယ်အတော်လေးအေးနေ တာကြောင့် စပါးဈေးအနည်းငယ်ကျလာတာ ဖြစ်ပါတယ်။

   အင်းလယ်၊ အင်းမရဲဘော်၊ ငွေတိုးစတဲ့ ဧည့်မထစပါးကတော့ ယခင်တစ်ပတ်အတိုင်း စပါးတင်း ၁၀၀ ကို ၄၁၄၀၀၀ ကျပ်နဲ့သာ ဈေးငြိမ်နေပါတယ်။ ရတနာတိုး၊ မနောသုခ၊ ကရင်မ၊ ရွှေဝါထွန်းစတဲ့ ဆန်ကြမ်းဧည့်မထစပါးဈေးကတော့ ၃၉၅၀၀၀ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်များ အေးတာကြောင့် စပါးဈေးဟာ ဈေးအနည်းငယ် ကျနိုင်သေးတယ်လို့ ဆန်စပါးရောင်းဝယ်သူတစ်ဦးကခန့်မှန်းပြောဆိုပါတယ်။  ဆန်တစ်အိတ်ဈေးကတော့ ထိပ်စ ၁၆၀၀၀ ကျပ် သာရှိပြီး ရန်ကုန်အရောက်ဆန်တစ်အိတ်ဈေး ၁၆၅၀၀ ကျပ်သာဈေးရတယ်လို့လည်းသိရပါတယ်။ ရန်ကုန်သို့ ဧည့်မထ ဆန်တင်ပို့မှု တစ်ရက်ကို အိတ် ၃၀၀၊ ၄၀၀ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။

နီနီဝင်း (ပြည်)