ငွေလဲနှုန်းများ ဆက်လက်မြင့်တက်လာ

   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် မြန်မာ့ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်လာခဲ့ကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

   အမေရိကန်ဒေါ်လာတန်ဖိုးများ ခိုင်မာလာမှုကြောင့် ငွေလဲနှုန်းများ မြင့် တက်လာရခြင်းဖြစ်သည်ဟု ငွေဈေးကွက်အတွင်းဝယ်ရောင်းလုပ်နေသူများကဆိုသည်။

   ''ပြည်တွင်းက ငွေတန်ဖိုးကျလာတာရယ် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးက ခိုင်မာလာတာရယ်ကြောင့် ခုလိုငွေလဲနှုန်းတွေမြင့်တက်လာရတာပါ။ ဒေါ်လာဈေးနည်းနည်းမြင့် တက်လာပေမယ့်လည်း ဈေးကွက်ထဲမှာတော့ အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ဈေးက အများကြီးမြင့်တက်လာတာမဟုတ်တဲ့အတွက်  အရင်နှစ်ဆန်းပိုင်းတုန်းကလို မျိုး ဖြစ်လာလိမ့်မယ်လို့တော့မထင်ပါဘူး။ အဲဒီတုန်းက ရွှေဈေးက အများကြီးကျသွားတာဆိုတော့ ရွှေမှာမကိုက်တဲ့သူတွေက ဒေါ်လာဘက်ကိုလှည့်လာကြတာပါ။ ခုကတော့ အဲဒီလို ဖြစ်မလာနိုင်သေးပါဘူး''ဟု   ငွေဈေး ကွက်အတွင်းမှ ကိုဦးကဆိုသည်။

   သိမ်ဖြူ ငွေလဲဈေးကွက်အတွင်းတွင် ဖေဖော်ဝါရီ ၁၆ ရက်က ရောင်းဈေး ၁၀၃၄ ကျပ်၊ ဝယ်ဈေး ၁၀၂၄ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ရောင်းဈေး ၁၀၃၄ကျပ်၊ ဝယ်ဈေး ၁၀၂၉ ကျပ် ရှိခဲ့သည်။

   ပြင်ပငွေလဲစင်တာများတွင် ဖေ ဖော်ဝါရီ ၁၆ရက်က ရောင်းဈေး ၁၀၃၆ ကျပ်၊ ဝယ်ဈေး ၁၀၃၂ကျပ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ရောင်းဈေး ၁၀၃၇ကျပ်၊ ဝယ်ဈေး ၁၀၃၃ ကျပ် သို့ မြင့်တက်ခဲ့သည်။

မယ်သီတာ