ပုသိမ်မြို့တွင် တိုင်းဒေသကြီး ကုန်တင်ယာဉ်ပိုင်ရှင်များအသင်းဖွဲ့စည်း

   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့က တိုင်းကုန်တင်ယာဉ်ပိုင်ရှင်များအသင်း ဖွဲ့စည်းရန် ဖိတ်ကြားထားသော ပုသိမ်၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ မော်ကျွန်း၊ အိမ်မဲ၊ မအူပင်၊ ဒေးဒရဲ၊ ဖျာပုံမြို့နယ်များမှ ယာဉ်ပိုင်ရှင်များတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ကုန်တင်ယာဉ်ပိုင်ရှင်များအသင်းဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။

  တိုင်းဒေသကြီးကုန်တင်ယာဉ်ပိုင်ရှင်များအသင်းဖွဲ့စည်းရခြင်းနဲ့ပတ်သက်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က တိုင်းဒေသကြီး  စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသော ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာဆောင်ရွက်နိုင်ရေး နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေး တိုင်းအသင်းအဖွဲ့မှတစ်ဆင့် အများပိုင်ကုမ္ပဏီဖွဲ့စည်းနိုင်ရေးအပြင် အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက် အကျိုးကျေးဇူးများနဲ့ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များအပြင် မကြာမီ ဧရာဝတီတိုင်းဒေသကြီးတွင်ဖွဲ့စည်းမည့် (ARCCI) ဧရာဝတီကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်းဆွေးနွေးပြောကြားပါတယ်။

   ဆက်လက်ပြီး တက်ရောက်လာတဲ့လုပ်ငန်းရှင်များမှ တိုင်းကုန်တင်ယာဉ်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌအဖြစ် ဦးသက်အောင် (ပုသိမ်) နဲ့ ခရိုင်များမှ ဒု-ဥက္ကဋ္ဌ ငါးဦး၊ အတွင်းရေးမှူး ဦးဝင်းနိုင်ဦး (ပုသိမ်)၊ တွဲဖက်အတွင်းရေးမှူး ခြောက်ဦး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် တွဲဖက်စာရင်းစစ်များကိုလည်းတက်ရောက်လာတဲ့ လုပ်ငန်းရှင်များ ၏ သဘောထားဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။

မင်းမင်းဦး - ပုသိမ်