မြန်မာ့ရွှေဈေးဆက်လက်ကျဆင်း

   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းက ကျဆင်းလျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းလာမှုနှင့်အတူ လိုက်ပါကျဆင်းလာခြင်းဖြစ်သကဲ့သို့ တရုတ်နှစ်သစ်ကူးကာလသို့လည်းရောက်ရှိလာသဖြင့် ဈေးများကျဆင်းနေရခြင်းဖြစ်ကြောင်း ရွှေကုန်သည်အသိုင်း အဝိုင်းမှသိရသည်။

   ''မြန်မာ့ရွှေဈေးက ပြီးခဲ့တဲ့တစ်ပတ်ကတည်းကကျနေတာ။ ဒီတစ်ပတ်မှာလည်းဆက်ပြီးကျနေတုန်းပဲ။ ကမ္ဘာ့ရွှေဈေးကျလာလို့ မြန်မာ့ရွှေဈေးကျဆင်းလာရသလိုတရုတ်နှစ်သစ် ကူးကာလကလည်းနီးလာတဲ့အတွက် ပိတ်ရက်တွေဖြစ်လာတော့ ဈေးကကျလာတယ်။ ဒါက ပုံမှန်ဖြစ်နေကျပဲ။ နှစ်တိုင်းလိုလိုတရုတ်နှစ်သစ်ကူးကာလကို ရောက်လာပြီဆို ရင် ဈေးကျတတ်တာထုံးစံလိုပဲ။ နှစ်သစ်ကူးပိတ်ရက်တွေကလည်းများတော့ ဈေးကဆက်ကျမယ်လို့ ထင်ပါတယ်'' ဟု ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။

   ထို့ပြင် ဒေါ်လာအားကောင်းလာမှုကြောင့်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းလာရခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ မြန်မာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၉ ရက်က ကျပ် ၆၈၉၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျပ် ၆၈၆၅၀၀ သို့ကျဆင်းလာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၉ ရက်က ၁၂၃၆ ဒေါ် လာရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်တွင် ၁၂၂၇ ဒေါ်လာသို့ကျဆင်းသွားခဲ့သည်။

မယ်သီတာ