ကားဈေးကွက်အတွင်း တစ်ဦးချင်းတင်သွင်းမှု ယခင်ကထက်နည်းလာ

   ဖေဖော်ဝါရီလဆန်းပိုင်း ရန်ကုန်ကားဈေးကွက်၏အခြေအနေမှာ ယခင်လလယ်ပိုင်းက အခြေအနေကဲ့သို့ပင်  ဈေးကွက်အေးနေပြီး လူကြိုက်များ၊ လူစီးများသော ဝက်ဂွန်၊ ဖိုး ဝှီးလ်များနှင့် လူသုံးများကားလေးအချို့သာ အရောင်းအဝယ်ရှိနေကြောင်းသိရသည်။

   နှစ်သစ်ပထမပတ်မှစ၍ တရားဝင်သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအသစ်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားတင်သွင်းမှုပုံစံပြောင်းလဲလာပြီး ပုံမှန်တင် သွင်းနေသူများပါ အသွင်ပြောင်းလဲ၍တင်သွင်းလာကြကြောင်း၊ ယခု လက်ရှိတိုင်းအတွင်း ကျင့်သုံးနေသည့်  မူဝါဒအသစ်များသည် ကားအရောင်းစင်တာများအား သိသိသာ သာမထိခိုက်သော်လည်း တစ်ပိုင်တစ်နိုင်ကားသွင်းသူများမှာ  ပုံစံပြောင်း၍ရောင်းဝယ်မှသာ အဆင်ပြေရပ်တည်နိုင်မည်ဖြစ်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းအကျိုးဆောင်များ မှ ပြောကြသည်။

   ရန်ကုန်မြို့တွင်း  ယာဉ်ကြောပိတ်ဆို့မှု  ပြဿ     နာများအား ဖြေရှင်းသည့် အချက်တစ်ချက်အနေဖြင့်  စီမံဆောင်ရွက်ခဲ့သည့် ၂၀၁၅ ခုနှစ် အတွင်းတစ်ဦးချင်း ယာဉ်တင်သွင်းခွင့် ပါမစ်စနစ်ဖြင့်တင်သွင်းသူများ သတ်မှတ်ကားပါကင်ပြသရသဖြင့် ယခင်နှစ်ကကဲ့သို့ လိုသလောက်မတင်သွင်းနိုင်တော့ဘဲ ကားပါကင်နေရာရရှိမှုပေါ်မူတည်၍ ရသလောက် သာတင်သွင်းရကြောင်း၊ ကားပါကင်အပါအဝင်မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းငှားရမ်းခမှာ စတင်ချိန်က ၃ သိန်းခန့်သာရှိရာမှ ယခုကျပ် ၄ သိန်းနှင့် ၄ သိန်းအထက်ဖြစ်လာ သဖြင့် နောက်ဆုံးထုတ်အက္ခရာသုံးစွဲစီးနင်းလိုသူမှအပ ကျန်အဝယ်များမှာဈေးကွက်တွင်း နံပါတ်ရှိပြီးကားများသာဝယ်ယူလာကြကြောင်း၊ ဈေးတန်းမှာလည်း ၅ သိန်းမှ ၁၀ သိန်းစွန်းစွန်းထိကွာခြားမှုရှိလာသဖြင့်  ဝယ်ယူမှုပုံစံပြောင်းလဲလာကြောင်းသိရသည်။

   လတ်တလော ရန်ကုန်ကားဈေးကွက်အတွင်း နယ်အဝယ်များလည်းဆင်းကာ ၎င်းတို့အဝယ်များသော ဖိုးဝှီးလ်များအတွက် ၂၀၁၅ မတ်လထိ အခွန်သက်သာခွင့်ရရှိစေမည့် ၂၀၁၄ ခုနှစ်အတွင်း ထုတ်ယူထားသည့် ယာဉ်ဟောင်းအပ်နှံစလစ် (စက်မှုဇုန် 'က'တန်း)များသာ  အဝယ်များပြီး စက်မှုဇုန်ထုတ်များမှာ ၅၀ သိန်း အထက်ရှိကာ ၁က/၂က များမှာ ၇၀ သိန်းအထက်ရှိကြောင်း၊ သိန်း ၁၅၀ နှင့် ၂၀၀ ဝန်းကျင်ကားအသုံးပြုသူများသောကြောင့် စက်မှုဇုန်စလစ်သာ အဝယ်များကြောင်း၊ သက်တမ်း နှစ် ၂၀ ကျော် '၁က၊ ၂က' နောက်ပိုင်းအက္ခရာများမှာ အပ်နှံသူတဖြည်းဖြည်းနည်းလာပြီး ဈေးတန်းမှာလည်း ၄၀ သိန်းဝန်းကျင်သို့ ကျဆင်းလာကြောင်းသိရသည်။

SN