စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟောပြောဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်ရောက်အမှာစကားပြောကြား

  အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးဥပဒေရေးရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကိုဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။

   မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်  ဦးနေဝင်းမှအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ဥပဒေရေးရာနှင့် နောက်ခံ သမိုင်း၊ အရေးယူဆောင်ရွက်မှု အခြေအနေများ၊ ခေတ်မီဥပဒေသစ်တစ်ရပ်ပေါ်ထွန်းလာရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု  အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များနှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမောင်ရှိန်က  အဂတိလိုက်စားမှု  တိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်၍ လည်းကောင်း၊ ဝန်ထမ်းများ အနေဖြင့် ဥပဒေကိုသိရှိပြီးသတိပြုဆင်ခြင်နိုင်စေရေးတို့နှင့်  ပူးပေါင်းဆောင်ရွက်နိုင်စေရေးတို့အတွက်လည်းကောင်း  အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုလိုဝန်ထမ်းများအားလုံး အဂတိလိုက်စားမှုကင်းဝေးစေရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောပေးသော  အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်၍ လုပ်ဆောင်လျက်ရှိရာ တွင် အကျင့်ပျက်ခြစားမှုကို  ပပျောက်အောင်လုပ်ဆောင်လျက်ရှိပါကြောင်း၊  ယင်းကဲ့သို့ အကျင့်ပျက်ခြစားမှုပြဿ    ာနာများနည်းနိုင်သမျှနည်းအောင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်းလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် e-government စနစ်ဖြင့်လုပ်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊   နှစ်ပေါင်းများစွာ အဂတိလိုက်စား လာသည့်အကျင့်ဓလေ့သည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကို  အဟန့်အတားဖြစ်စေနိုင်သည်ဟုသုံးသပ်ကြပါကြောင်း၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်စေရန် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုအပ်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအတွင်း လာဘ်ပေး လာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများရှိနေဆဲဖြစ်ကြောင်း၊ ဝန်ထမ်းများ၏စိတ်ဓာတ်ကအစပြောင်းလဲပစ်ရန်လိုကြောင်းကို နိုင်ငံတော်သမ္မတကမိန့်ကြားထားပြီးဖြစ်ပါကြောင်း၊ ရပ်ကွက်ရုံးများမှတစ်ဆင့်   ဝန်ကြီးဌာနရုံးများအထိ ဌာနဆိုင်ရာအများစု၏ အဆင့်တိုင်းနီးပါးမှာ ခြစားမှုတွေရှိနေပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်လည်း အဆို ပါ ပြဿ    ာနာကို ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာအဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့များ၏အစီရင်ခံစာများတွင်ဖော်ပြရေးသားခဲ့ကြပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် လာဘ်ထိုးတဲ့ငွေကိုပါ ကုန်ကျစရိတ်တွင်ထည့်သွင်းပြီး ဈေးတင်ရောင်းခြင်းသည် ကုန်ဈေးနှုန်းကြီးမြင့်စေသည့်များစွာသော အကြောင်းရင်းများအနက် အဓိကအချက်အဖြစ် ပါဝင်နေပါကြောင်း၊ ဝန်ထမ်းများအားလုံးကိုမှာကြားလိုသည်မှာမိမိတို့၏ ဂုဏ်သိက္ခာ၊ မိသားစုဂုဏ်သိက္ခာ၊ ဌာနဂုဏ်သိက္ခာ၊ နိုင်ငံ့ဂုဏ်သိက္ခာ မညှိုးနွမ်းအောင် အဂတိလိုက် စားမှု ကင်းရှင်းစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်းမှာကြားခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ အရာထမ်း၊ အမှုထမ်းစုစုပေါင်းအင်အား ၄၃၁ ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

HR Mg