သင်ဖျာလုပ်ငန်းနှင့် ဝါးထရံလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

   ဧရာဝတီတိုင်းဒေသကြီး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးလက်ဒေသအသေးစားစက်မှုလက်မှု သင်ဖျာလုပ်ငန်းနှင့် ဝါးထရံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့က မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံဝကျေးရွာမှာကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေး ပွဲတွင် ဒု-မြို့နယ်အုပ်ချူပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြောကြားခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊  မြောင်းမြခရိုင်၊  ခရိုင်ဦးစီးမှူး ဦးတိုးလွင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက် များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကျော်က ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းအသင်းများ ဖွဲ့စည်းမှုနှင့် ငွေကြေးထုတ်ချေးနိုင်မှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးမှူး၊ မြို့နယ် လူဝင်မှုကြီး ကြပ်ရေးဦးစီးမှူးတို့က သင်ဖျာနှင့် ဝါးထရံလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

  သင်ဖျာလုပ်ငန်းရှင် ဒေါ်သန်းသန်းရီ နှင့် ဝါးထရံလုပ်ငန်းရှင် ဦးအောင်ဝင်းတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြ ခဲ့ပြီး ယင်းတင်ပြချက်အပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲသို့သင်ဖျာနှင့် ဝါးထရံလုပ်ငန်းရှင် ၉၀ ဦးတက်ရောက်ခဲ့ ကြကြောင်း၊ ဆက်လက်ပြီး သင်ဖျာယက်လုပ်နေမှုများကို လေ့လာကြည့်ရှုခဲ့ကြကြောင်းလည်းသိရှိရပါသည်။

လှထွဋ်ဦး (မြောင်းမြ)