နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှု တတိယလှိုင်းနဲ့ တာဝန်ခံတာဝန်ယူမှုစနစ် သုံးသပ်ဆွေးနွေးပွဲ မန္တလေးမြို့တွင်ကျင်းပ

  နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု တတိယလှိုင်းနဲ့တာဝန်ခံ၊ တာဝန်ယူမှုစနစ်အပေါ်သုံးသပ်ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်း ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမမှာကျင်းပရာ မန္တလေးခရိုင်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း အမှုထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။

  အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေးပါမောက္ခဒေါက်တာအောင်ထွန်းသက်ရဲ့ကိုယ်ရေးအကျဉ်းအားဖတ်ကြားပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတရဲ့စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာအောင် ထွန်းသက်က နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းနဲ့ တာဝန်ခံ၊ တာဝန်ယူမှုအပေါ်ဝန်ထမ်းများ ပြောင်းလဲရမည့် စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ၊ ပြည်သူဗဟိုပြုဆောင် ရွက်ပေးရမည့် ဝန်ဆောင်မှုများအစိုးရဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကလုပ်ငန်းများဟန်ချက်ညီစွာ ဒီမိုကရေစီစနစ်နှင့်အညီ လိုက်ပါပြောင်းလဲရမည့်လုပ်ငန်းစဉ်များ၊ ဝန်ထမ်းတစ်ဦးချင်း၊ အစုအဖွဲ့လိုက်တာဝန်ခံမှုတာဝန်ယူမှုလုပ်ငန်းများကိုရှင်းလင်းဟောပြောဆွေးနွေးပြီးတက်ရောက်လာသူများ၏မေးမြန်းဆွေးနွေးခြင်းများအားပြန်လည်ရှင်းလင်းဖြေကြားကြောင်း သိရပါတယ်။

မောင်ပြည်သူ (မန္တလေး)