မြန်မာ့သနပ်ခါးရဲ့ ၂၀၁၅ ခုနှစ် ခြေလှမ်းသစ်များ

   ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ရေစကြိုမြို့ကုန်စည်ဒိုင်မှာ ရေစကြိုမြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အသင်းဖွဲ့စည်းဖို့ ပဏာမအစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီစည်းဝေးပွဲကို တက်ရောက်သူ ၁၀၀ နီးပါးရှိပါတယ်။ ရေစကြိုမြို့ပေါ်တင်မက နယ်မှ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူ သနပ်ခါးခြံပိုင်ရှင်များ တက်ရောက်ခဲ့သလို မြိုင်မြို့နယ်မှလည်း အစည်းအဝေးတက်ရောက်ကြပါတယ်။  မြိုင်နယ်က တက်ရောက်သူများကတော့ ရေစကြိုမြို့နယ်က သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်း ဝယ်သူများအသင်း ဖွဲ့စည်းတာကို လာရောက်လေ့လာကြတာဖြစ်ပြီး၊ ရေစကြိုပြီးရင် မြိုင်မှာလည်း ထပ်မံဖွဲ့စည်းကြမှာဖြစ်ကြောင်းသိရပါတယ်။

   အခမ်းအနားကို အစီအစဉ် ၇ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ  ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဋ္ဌာန ခရိုင်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပါတယ်။

  ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သနပ်ခါးမူပိုင်ခွင့်နဲ့ အသင်းအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရေစကြိုမှ သနပ် ခါးလုပ်ငန်းပိုင်ရှင် ဒေါက်တာကျော်ငွေကတက်ရောက်ခဲ့တဲ့ အစည်းအဝေးအတွေ့အကြုံများကို ရှင်းလင်းပြောကြားပါတယ်။ နောက်အစီအစဉ်အဖြစ် ရေစကြိုမြို့နယ် ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်း (အောင်သိဒ္ဓိနံ့သာတိုင်) က အသင်းဖွဲ့စည်းရမည့် အသင်းစည်း ကမ်းစည်းမျဉ်း ဥပဒေစသည်တို့ကို ဆွေးနွေးရှင်း လင်းပြောကြားပါတယ်။

   နောက်ပိုင်းတက်ရောက်လာသူများ အပြန်အလှန် ဆွေးနွေးပွဲမှာတော့ သိလိုတာ မရှင်းတာဖြစ်သင့်ဖြစ်ထိုက်တာ၊ ရလိုမှု၊ ရပိုင်ခွင့် ဆိုတာတွေနဲ့ အစည်းအဝေးတစ်ခုရဲ့ သရုပ် မှန်ကန်တဲ့အနေအထားတစ်ခုကို ချီးကျူးပြောဆိုရမှာဖြစ်ပါတယ်။

   ယာယီအမှုဆောင်အဖွဲ့ကို ၂၁ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး နယ်က ပုဂ္ဂိုလ်များ၊ စိုက်ပျိုးသူ၊ တင်ပို့ရောင်းချသူများ ကျေးရွာနယ်မြေ အလိုက် စိုက်ဧကစာရင်းဇယားများ ပြုစုပေးကြဖို့ အသင်းအဖွဲ့ စည်းမျဉ်းဥပဒေတွေကို အပြီးရေးဆွဲပြီး အသင်းသားအားလုံး သဘောတူပါမှ ရေစကြိုမြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကို အတည်ပြုထပ်မံ ရွေး ချယ်ပြီး အသင်းကို အောင်မြင်အောင်ဆက်လက်ကြိုးစားဆောင်ရွက်မယ်ဆိုပြီး အစည်းအဝေးကို အောင်မြင်စွာပြီးဆုံးကြောင်းသတင်းရရှိပါတယ်။

  စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှ စတင်လှုပ်ရှားခဲ့တဲ့ သနပ်ခါးမူပိုင်ခွင့်နဲ့ သနပ်ခါးအသင်းဖွဲ့စည်းရေးက အစပြုခဲ့တဲ့ မြန်မာသနပ်ခါးဟာ ရေစကြိုမြို့နယ်မှစ ပြီး ခြေတစ်လှမ်းလှမ်းနေပါပြီ၊ နောက်ပိုင်း ရှင်မတောင်သနပ်ခါးထွက်ရှိရာ ရေစကြို၊ မြိုင်၊ ပခုက္ကူ တို့မှာ ဆက်လက်လှုပ်ရှားကြတော့မှာဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်ရဲ့ မြန်မာ့ သနပ်ခါး (ရှင်မတောင်၊ ရွှေဘို) ခြေလှမ်းသစ်များလို့ပြောရင် မမှားနိုင်ကြောင်းပါ။

မြင့်ဦး - ပခုက္ကူ