SCG ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်း ဈေးကွက်သို့ဝင်ရန် ပြင်ဆင်

   ထိုင်းနိုင်ငံ၏ဘိလပ်မြေထုတ်လုပ် သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Siam Cement Group (SCG) ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ဆောက်လုပ်ရေး ဈေးကွက်သို့ဝင်ရောက်၍ ရင်းနှီးမြှုပ်နှံရန်ပြင်ဆင်လျက်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

   အဆိုပါ SCG ကုမ္ပဏီသည် Siam Global House နှင့်အကျိုးတူပူးပေါင်း၍ ဆောက်လုပ်ရေးဈေးကွက်သို့ ဝင်ရောက်ရန်ပြင်ဆင်ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြထား သည်။

   အဆိုပါကုမ္ပဏီနှစ်ခုသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်  လက်လီဆိုင်နှစ်ဆိုင်ကိုဖွင့်လှစ်သွားရန်စီစဉ်ထားကြောင်းသိရသည်။

  SCG ကုမ္ပဏီအနေဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့တွင် လက်လီဆိုင်များဖွင့်လှစ်ထားပြီးဖြစ်သော်လည်း  မြန်မာနိုင်ငံတွင်မူ ယခုမှစတင်ဖွင့်လှစ်ရန် စီစဉ် ရခြင်းဖြစ်သည်ဟုဆိုသည်။

   ''ကျွန်တော်တို့   ကုမ္ပဏီအနေနဲ့ လာအို၊ ကမ္ဘောဒီးယားနဲ့  ဗီယက်နမ် နိုင်ငံတို့မှာ ဆောက်လုပ်ရေးပစ္စည်းဆိုင်ရာ လက်လီဈေးကွက်တွေကို တဖြည်းဖြည်းချင်း တိုးချဲ့ဖွင့်လှစ် သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဈေးကွက်အသစ်ကတော့ မြန်မာနိုင်ငံပဲဖြစ်ပါတယ်'' Siam Global House ၏ အကြီးအကဲဖြစ်သူ Witoon Suriyawa nakul ကပြောကြားခဲ့သည်။

    အဆိုပါလေးနိုင်ငံအတွက် SCG  ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဘတ်သန်းပေါင်း ၄၀၀ ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

မယ်သီတာ