Export ဝယ်လက်ရှိ၍ အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းပဲစင်းငုံ

   စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ခုနှစ် မိုးသီးနှံ ပဲစင်းငုံကို ရာနှုန်းပြည့်စိုက်ပျိုးခဲ့ပါတယ်။ ယခုအချိန်သည် ပဲစင်းငုံအထွက်လှိုင်ချိန်ဖြစ်ပြီး၊ မုံရွာကုန်စည်ဒိုင်သို့ ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ စသည့် နယ်စုံမှ အဝင်လှိုင်လျက်ရှိပါတယ်။

   Export ဝယ်လက်ရှိ၍ မုံရွာကုန်စည်ဒိုင်သို့ဝင်သမျှအားလုံး အရောင်းအဝယ်ဖြစ်ကာ အထွက်လှိုင်၊ အဝင်လှိုင်၊ အရောင်းအဝယ်အသွက်ဆုံးသီးနှံမှာ ပဲစင်းငုံသီးနှံဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှ တင်း ၈၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရည်အသွေးအသင့်အတင့်ကောင်းပြီး၊ အိန္ဒိယမွန်ဘိုင်းဈေး တက်ခြင်းကြောင့် ယခင်တစ်ပတ် တစ်တင်းပေါက် ဈေး ၂၄၉၀၀ ကျပ်မှ ယခုတစ်ပတ် ဇန်နဝါရီလ ၂၂ ရက်မှာ ၂၅၅၀၀ ကျပ်သို့ ဈေးမြင့်ခဲ့ကြောင်းသိရပါတယ်။

သန်းသန်းတင်-မုံရွာ