စဥ့်ကိုင်မြို့နယ်၌ နွေနှမ်းများ လှိုင်လှိုင်ထွက်ပေါ်၍ အကျိုးအမြတ်ရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း၊ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော နွေနှမ်းကို မြို့နယ်အတွင်း ၂၃,၄၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရပြီး ယခုအချိန်တွင် နွေနှမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။
နွေနှမ်းကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးပြီး ဇွန်လနှင့် ဇူလိုင်လများတွင် ထွက်ပေါ် ကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများဟူ၍ ရှိပြီး နှမ်းဖြူမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ နွေနှမ်းကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၃ ပြည်ခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၄ သိန်းခန့်ကုန်ကျကြောင်း၊ ယခုအချိန်တွင် နွေနှမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက် ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၈-၉ တင်း ခန့်ထွက်ရှိကြောင်း၊ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၆ သိန်း ကျော်ခန့်ရရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြားသောကြောင့် နွေနှမ်းများ အထွက်နှုန်းလျော့နည်း သော်လည်း စျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိ ကြောင်း နွေနှမ်းစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)