တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊  မိသားစု အပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြ ကြောင်း သိရသည်။

          ပဲတောင့်ရှည်ကို စိုက်ပျိုးပြီး တစ်လကျော်ခန့်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရကြောင်း၊ အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်စသည့် မျိုးများကို တန်းကြား ၃ ပေခန့်၊ ပင်ကြား ၁ ပေခန့် အကွာအဝေးဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်းငွေကျပ် ၄ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၃၀၀-၃၅၀ ခန့် ထွက်ရှိ ကြောင်း၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးကွက် အနေဖြင့် တိုင်ထောင်ပဲ (ခေါ်) ပဲတောင့်ရှည်ကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူ ကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်နှင့် မန္တလေးမြို့ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ တိုင်ထောင်ပဲ(ခေါ်) ပဲတောင့်ရှည်စျေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း ပဲတောင့်ရှည်စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)