ကြက်သွန်နီ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

ကြက်သွန်နီ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီကို မြင်းခြံမြို့နယ်တွင် ၈,၆၀၀ ဧက၊ တောင်သာမြို့နယ်တွင် ၉,၂၀၄ ဧက၊ နွားထိုးကြီးမြို့နယ် တွင် ၂,၃၉၄ ဧက၊ စုစုပေါင်း ၂၀,၁၉၈ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ၄ လခန့်အကြာ မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ ရွှေဖလားကြက်သွန်နီဥမျိုးများကို စိုက်ပျိုး ကြပြီး တစ်ဧကလျှင် မျိုးဥ ၃-၄ ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးစေ့ကို ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း ရင့်ချိန်တွင် ဘောင်ခတ်စနစ်ဖြင့် မြေချစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၉-၃၀ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ကြက်သွန်နီ ပိဿာချိန် ၃,၄၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများ သို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)၊ မန္တလေး၊ နေပြည်တော် နှင့်မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ ကြက်သွန်နီသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)