ကျောက်ဆည်ဒေသထွက် ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့် စျေးကွက်

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်းကိုးခရိုင်တွင် ခရိုင် တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံ၍ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ငရုတ်၊ သရက်နှင့် ငှက်ပျောစသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ငှက်ပျော သီးနှံကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁,၂၈၂ ဧက စိုက်ပျိုးခဲ့ပြီး ၁,၂၆၄ ဧက ခုတ်ယူပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

   ငှက်ပျောသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် အပင်ရေ ၈၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ပင်ခြားတန်းခြား ၈ ပေခြားစိုက်ပျိုးကာ စိုက်ပျိုးပြီး ၉-၁၀ လခန့်အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး ၃ လခန့်အကြာတွင် ရောင်းတန်းဝင် ငှက်ပျောခိုင်များ ခုတ်ယူရရှိလာကြောင်း၊ ကျောက်ဆည်ဒေသ၌ ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထား စိုက်ပျိုးကြပြီး ပျိုးပင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ငှက်ပျောခိုင် ၈၀၀ ခန့်၊ လှည်းအစီးအရေအတွက်အားဖြင့် ၂၀ စီး ထွက်ရှိကြောင်း၊ စျေးကွက်အနေဖြင့် ငှက်ပျောပွဲစားများမှ ခြံများသို့ လာရောက်ဝယ်ယူ၍ ကျောက်ဆည်မြို့ဒေသတွင်း၊ ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့် ဆိုင်များနှင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောအသားတက်(ပင်ပေါက်)များပါ ရောင်းချရသဖြင့် တစ်ပင်လုံး အသုံးဝင်သော ဖီးကြမ်းငှက်ပျောများ စိုက်ပျိုးရာတွင် အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း သိရှိရသည်။

DOCA (မန္တလေး)