ကြက်သွန်နီစိုက်ပျိုးမှုနှင့် စျေးကွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကြက်သွန်နီ(ဆောင်း) သီးနှံကို ကျောက်ဆည်မြို့နယ်တွင် ၇,၈၈၆ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ၃,၅၁၅ ဧက၊ မြစ်သားမြို့နယ် တွင် ၁၅,၅၀၁ ဧက၊ စုစုပေါင်း ၂၆,၉၀၂ ဧက စိုက်ပျိုးခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ကြက်သွန်နီ(ဆောင်း)သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စိုက်ပျိုးပြီး မတ်လတွင် လှိုင်လှိုင် ထွက်ပေါ်လျက်ရှိကြောင်း၊ ရွှေဖလားကြက်သွန်နီမျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် ၂ ပြည်ခွဲခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးသက်ရင့်ချိန်တွင် ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၅ - ၃၀ သိန်းကြား ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၃,၀၀၀ ခန့်ထွက်ရှိပြီး တောင်သူများမှ ကျောက်ဆည်မြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချ၍ ပွဲရုံများမှတစ်ဆင့် မူဆယ်၊ မြဝတီနှင့် ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အကျိုးအမြတ်များ ပိုမိုရရှိစေရန်အတွက် အချို့တောင်သူများမှာ တက်စျေးမျှော်မှန်း၍ ကြက်သွန်နီများကို တူးဖော်ခြင်းမရှိသေးဘဲ စိုက်ခင်းထဲ၌ ထားရှိခြင်းများလည်းရှိကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
DOCA (မန္တလေး)