မြစ်သားမြို့နယ်၌ ပဲကျား(ဆောင်း) သီးနှံများ ရိတ်သိမ်းပြီးစီး

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဆည်ရေသောက်ဒေသဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ပဲကျားသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ပဲကျားသီးနှံကို ၃၃၁ ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ပဲကျား(ဆောင်း)သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့်အကြာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းရကြောင်း၊ ပဲကျား(ဆောင်း) သီးနှံကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၁၂ - ၁၄ တင်းကြား ထွက်ရှိပြီး တောင်သူများမှ ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချ၍ ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချကာ အကျိုးအမြတ်များ ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။ 

DOCA (မန္တလေး)