အထက်မင်းလှမြို့နယ်၌ ကုလားပဲသီးနှံများ စတင်ထွက်ပေါ်၍ အထွက်နှုန်းကောင်းမွန်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်ဖြင့် သီးနှံမျိုးစုံကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကိုလည်း စိုက်ပျိုးကြ ကြောင်း သိရသည်။ 

   ကုလားပဲသီးနှံကို ဒီဇင်ဘာလတွင်စိုက်ပျိုးပြီး မတ်လဆန်းမှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း၊ မျိုးအနေဖြင့် ကုလားပဲ(ဟော်လန်) မျိုးနှင့် ကုလားပဲ (မြကြေး) မျိုးများဖြစ်ပြီး ကုလားပဲ (မြကြေး) မျိုး များကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၂ တင်းခန့် ကုန်ကျ၍ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ရိတ်သိမ်းခအပါအဝင်  တစ်ဧကလျှင် ၈ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ၁၆ တင်းမှ ၂၁ တင်းကြား ထွက်ရှိရာ ယခုနှစ်တွင် ရာသီဥတုသမမျှတ၍ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ နှင့် မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော် နှင့် မုန့်လုပ်ငန်းရှင်များထံသို့ ရောင်းချသည့်အပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချ ကြောင်း သိရသည်။

DOCA (မကွေး)