ဆိပ်ဖြူမြို့နယ်၌ ကန်စွန်းဥ(ဥစားကန်စွန်း)သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ကန်စွန်းဥ(ဥစားကန်စွန်း) သီးနှံများ ကို ကိုင်းကျွန်းနှင့် သဲနုန်းမြေများတွင်အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ကန်စွန်းဥ (ဥစားကန်စွန်း) စိုက်ခင်းများကို စီးပွားဖြစ် နှစ်စဉ်အများအပြားစိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုများ၍ စိုက်ခင်း များအတွင်း ရေဝင်ရောက်ကာ ပျိုးခင်းများပျက်စီးခြင်းကြောင့် ဧက ၁,၀၀၀ ခန့်သာ စိုက်ပျိုးကြောင်း သိရသည်။
ကန်စွန်းဥ(ဥစားကန်စွန်း)သီးနှံကို မြစ်ရေကျချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရကြောင်း၊ ရွှေဝါကန်စွန်းဥမျိုးနှင့် ငချိတ် ကန်စွန်းဥမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ကန်စွန်းဥ(ဥစားကန်စွန်း) တစ်ညွန့်လျှင် ငွေကျပ် ၃၀ နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး တစ်ဧကလျှင် ကန်စွန်းဥ(ဥစားကန်စွန်း)ညွန့် ၃၅,၀၀၀ ခန့် ဝင်ဆံ့စိုက်ပျိုး ရကြောင်း၊ ကန်စွန်းဥ(ဥစားကန်စွန်း)များ အချိုလေး၍ အရသာရှိစေရန်အတွက် စိုက်ခင်းများကို ရေသွင်းစိုက်ပျိုးခြင်းမရှိဘဲ မြေအောက်ရေ အစိုဓာတ်ဖြင့်သာစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးသုံးလ အကြာတွင် ကန်စွန်းဥ (ဥစားကန်စွန်း)များ တူးဖော်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၂,၈၀၀-၃,၀၀၀ ခန့်ထွက်ရှိပြီး ဆိပ်ဖြူမြို့နှင့် ချောက်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် သီးနှံအထွက်နှုန်း ကောင်းမွန်ပြီး ဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း ကန်စွန်းဥ (ဥစားကန်စွန်း)စိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)