ကျောက်ဆည်မြို့နယ်၌ သင်္ဘောသီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့် စျေးကွက်
ကျောက်ဆည်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည့် အတွက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စျေးကွက်ဝယ်လိုအားရှိသည့် သင်္ဘောပင်များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
သင်္ဘောပင်မျိုးအနေဖြင့် အသီးအထွက်နှုန်းကောင်းမွန်သည့် ထိုင်ဝမ်(အပင်ပု) သင်္ဘောမျိုးများ ကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် သင်္ဘောမျိုးစေ့များကို ပျိုးထောင်၍ ပျိုးပင်များကို ပင်ခြားတန်းခြား ၂ ပေ၊ ၃ ပေခြား၍ တစ်ဧကလျှင် အပင်ရေ ၂,၀၀၀ ကျော်ခန့် စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၁၅-၁၆ သိန်းခန့် ကုန်ကျပြီး မြေဆီ မြေသြဇာထည့်သွင်းမှုအပေါ် မူတည်၍ အသီးအပွင့်များ ဝေဆာ၍ အပင်သက်တမ်းကြာနိုင်ကြောင်း၊ သင်္ဘောပင်တစ်ပင်လျှင် သင်္ဘောသီးအလုံးရေ ၂၅ - ၄၀ လုံး ထွက်ရှိပြီး တစ်ဧကလျှင် သင်္ဘောသီး အလုံးရေ ၄,၀၀၀-၅,၀၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ သင်္ဘောခြံများအနေဖြင့် သင်္ဘောသီးအမှည့်များကိုသာ ဦးစားပေးရောင်းချကြကြောင်း၊ ဈေးကွက်အနေဖြင့် သင်္ဘောသီးများကို ဒေသတွင်းရောင်းချမှု အပြင် ပွဲစားများမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် မန္တလေးမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ သင်္ဘောသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စားသုံးမှုမြင့်မား၍ အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA (မန္တလေး)