ကျောက်ဆည်ခရိုင်အတွင်း နေလှည့်သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသ ဖြစ်သည့်အတွက် ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သော နေလှည့်ပင်များသည် ယခင်က အလေ့ကျ ပေါက်ရောက်ပြီး ယခုအခါတွင် တောင်သူများမှ မြေလွတ်မြေရိုင်းများပေါ်တွင် စီးပွားဖြစ် စိုက်ပျိုး လာကြကြောင်း သိရသည်။
နေလှည့်ပင်များကို ဩဂုတ်လတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ယက်၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ ၃ ပြည်ခန့် ကုန်ကျ ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၂ သိန်းခန့်ကုန်ကျကြောင်း၊ နေလှည့်သီးများ ရင့်မှည့်ချိန်တွင် အပင်အောက်ခြေမှ အကိုင်းများကို ခုတ်ယူ၍ အကိုင်းများမှ အသီး များကို တုတ်ဖြင့်ရိုက်ခြွေရကြောင်း၊ နေလှည့်ပင်စိုက်ပျိုးမှုတွင် ကနဦး စိုက်ပျိုးသည့်စရိတ်သာ ကုန်ကျပြီး ကျန်နှစ်များတွင် အဆိုပါအငုတ်များမှ ပြန်လည်ထွက်လာသည့် အတက်မှ နေလှည့်သီးများ ကို ထပ်မံရယူရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် နေလှည့်စေ့ ၆-၇ တင်းခန့် ထွက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် နေလှည့်စေ့များကို ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ပြီး ထိုမှတစ်ဆင့် မန္တလေးမြို့တို့သို့ တင်ပို့ကြောင်း၊ နေလှည့်စေ့ကို ကြိတ်ခွဲ၍ အဆီထုတ်ကာ တိုင်းရင်းဆေးအဖြစ် အသုံးပြုကြောင်း၊ နေလှည့်ပင်သည် မြေလွတ်မြေရိုင်းများတွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးရသဖြင့် ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေများစွာရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)