မုံရွာမြို့နယ်၌ ခရမ်းချဉ်သီးနှံများ လှိုင်လှိုင်ထွက်ပေါ်၍ အကျိုးအမြတ်ရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ဗုံတို၊ ဘုမ္မနိုးကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြ၍ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ခရမ်းချဉ်သီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးပြီး ၂ လ ခန့်အကြာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ ထိုင်ဝမ်မျိုးများကို စိုက်ပျိုး ပြီး တစ်ဧကလျှင် မျိုးစေ့ ၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင်တစ်လသားအရွယ်ခန့်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုး၍ မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးကို ၅ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၃၅၀-၄၀၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှ သီးနှံ ကုန်ချိန်အထိ တစ်ဧကလျှင် စုစုပေါင်းအထွက်နှုန်းမှာ ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့်ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချသည့်အပြင် မုံရွာမြို့ရှိ ကုန်စိမ်းဒိုင် များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြရာ တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)