အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ၌ နေကြာသီးနှံများထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲကြီး၊ နေကြာ၊ ဝါ၊ ကြက်သွန်နီနှင့် အခြားမီးဖို ချောင်သုံးသီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ တောင်ဦးကျေးရွာ၌ နေကြာသီးနှံ ၁၃ ဧကခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နေကြာသီးနှံကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ရိတ်သိမ်းကြကြောင်း၊ နေကြာသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး မျိုးစေ့အနေဖြင့် ဆင်းရွှေကြာ- ၁ မျိုးကို စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၃ ပြည်မှ ၅ ပြည်ခန့် ကုန်ကျပြီး မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၂၀,၀၀၀ ကျော်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှု အပေါ်မူတည်၍ တစ်ဧကလျှင် ၁၀ တင်းမှ ၁၂ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချသည့်အပြင် နေကြာဆီကြိတ် ခွဲ၍ ဒေသတွင်းရောင်းချမှုများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နေကြာစိုက် တောင်သူ တစ်ဦးထံမှ သိရသည်။
DOCA (မကွေး)