အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင်သီးနှံ တစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးနှံကို ပန်းတော်ပြင်ကျေးရွာတွင် ဥယျာဉ်ခြံမြေများနှင့် ယာမြေ များ၌ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

          မျိုးအနေဖြင့် ကီလိုမာလကာ ကိုင်းကူးပျိုးပင်များကို အစိုဓာတ်ကောင်းမွန်စွာရရှိသည့် ဇွန်လနှင့် ဇူလိုင်လများတွင် အများဆုံးစိုက်ပျိုးကြပြီး မြေအောက်ရေကို အသုံးပြု၍လည်း တစ်နှစ် ပတ်လုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား ၁၁ ပေ တန်းခြား ၁၂ ပေ အကွာအဝေးဖြင့် တစ်ဧကလျှင် ကီလိုမာလကာပင် ၃၀၀ ပင်ခန့် စိုက်ပျိုးရပြီး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆၀ သိန်းခန့် ကုန်ကျကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး ၆ လခန့်အကြာတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချနိုင်ပြီး ကီလိုမာလကာသီးမှာ တစ်နှစ် ပတ်လုံးခူးဆွတ်ရရှိ၍ တစ်နှစ်လျှင် ၄ ကြိမ်ခူးဆွတ်ရကြောင်း၊ မြေအနေအထားနှင့် အပင် ဖြစ်ထွန်းအောင်မြင်မှု၊ အပင်သက်တမ်းတို့အပေါ်မူတည်၍ တစ်ကြိမ်လျှင် ကီလိုမာလကာပင်တစ်ပင် အတွက် ပျမ်းမျှအလုံးရေ ၃၀-၄၀ ထွက်ရှိရာ တစ်နှစ်လျှင် တစ်ဧကပျမ်းမျှအလုံးရေ ၃၆,၀၀၀ လုံးခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် သရက် - မင်းလှ ကားလမ်းဘေးရှိ သစ်သီးဆိုင်များနှင့် မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ ရောင်းချရကြောင်း ကီလိုမာလကာစိုက် တောင်သူတစ်ဦးထံမှ သိရ သည်။

DOCA (မကွေး)